အကျဉ်းထောင်များမှပြန်လည်လွတ်မြောက်လာပြီးကွယ်လွန်နိုင်ကျဉ်းစာရင်းပြုစုနေမှုအပေါ် ထုတ်ပြန်ချက်
ရက်စွဲ- ၂၀၁၉ခုနှစ်၊ဇွန်လ ( ၁၄ )ရက်
မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးအချိန်မှစ၍ အာဏာသိမ်းစစ်အစိုးရအဆက်အဆက်တို့မှ အတိုက်အခံနိုင်ငံရေးအကျဉ်းသားများအား ရန်သူသဖွယ်သဘောထားကာ ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများ တစိုက်မတ်မတ်ပြုလုပ်ခဲ့ပြီး မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းများကို အစဉ်တစိုက်ပြုလုပ်ခဲ့ကြပေသည်။ ၁၉၆၂ခုနှစ်မှစ၍ နဝတ၊နအဖ စစ်အစိုးရအဆက်ဆက်နှင့် ယနေ့အချိန်အထိ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်းမှာ သောင်းချီ၍ရှိနိုင်ပေသည်။ စစ်ကြောရေးစခန်းများတွင် အသက်သေဆုံးသည်အထိ နှိပ်စက်ညှဉ်းပန်းမှုများရှိခဲ့သလို အကျဉ်းထောင်၊ ရဲဘက်စခန်းများတွင်လည်း နှိပ်စက်ညှဉ်းပန်းမှု၊ အစာရေစာမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းတို့ကြောင့် သေဆုံးခဲ့သူများ များစွာရှိခဲ့သည်။ ထို့အပြင် ပေါ်တာခေါ်ယူခြင်းခံရပြီး ရှေ့တန်းဒေသများတွင် သေဆုံးသွားရသော နိုင်ငံရေးအကျဉ်းသားများလည်းရှိခဲ့သည်။ အဆိုးဆုံးဖြစ်ရပ်မှာ အကျဉ်းထောင်များအတွင်း မှတ်တမ်းမဲ့ပျောက်ဆုံးမှုများပင်ဖြစ်သည်။
အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးသော နိုင်/ကျဉ်းဟောင်းများသည် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်း ဆိုင်ရာနာကျဉ်မှုများ ရရှိခံစားရသကဲ့သို့၊ ပညာရေး၊ကျန်းမာရေးထိခိုက်မှုများ ကြီးမားစွာရှိလာခဲ့သည်။ ထို့အတူ မိသားစုဘဝများ ဖရိုဖရဲဖြစ်ကာပြိုကွဲခြင်း၊ စားဝတ်နေရေးပြန်လည်နလံမထူနိုင်ခြင်းများ စသည့်လူနေမှုဘဝ ပျက်စီးမှုများလည်း ကြုံတွေ့ခဲ့ကြရသည်။
အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းအများစုမှာ စစ်ကြောရေး၊ အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းတို့ကြောင့် ရရှိလာသည့် ကျန်းမာရေးဆိုးရွားမှုအခြေအနေများကြောင့် လွတ်မြောက်ပြီးသည့်အခါ ကွယ်လွန်ခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အများအပြားရှိနေသည်။ ထိုစာရင်းအား အေအေပီပီမှလက်လှမ်းမီသလောက် ပြုစုထားခဲ့ပါသည်။ သို့ဖြစ်ပါသောကြောင့် စာရင်းတွင်မပါဝင်သူများ၊ အချက်အလက်လိုအပ်နေသူများအတွက် မိမိတို့သိရှိသလောက်အချက်အလက်များကို ဖြည့်စွက်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
မိမိတို့နိုင်ငံသည် အသွင်ကူးပြောင်းရေးကာလကိုဖြတ်သန်းနေရသည့်အချိန်ဖြစ်သည့်အတွက် အခြားကမာ္ဘ့နိုင်ငံ များနည်းတူ အတိတ်ကာလအရိပ်ဆိုးများကို သင်ခန်းစာယူနိုင်ပြီး အနာဂတ်နိုင်ငံထူထောင်ရာတွင် ထိုကဲ့သို့ အဖြစ်ဆိုးများမှကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်အစားထိုးကုစားခြင်းဆိုင်ရာမူဝါဒ တစ်ရပ်ရေးဆွဲပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများကို စနစ်တကျ စောင့်ရှောက်ကူညီ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစဉ်များရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ပေးသင့်ကြောင်း တိုက်တွန်းအကြံပြုအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဆက်သွယ်မေးမြန်းနိုင်ပါသည်
ဦးတိတ်နိုင် အတွင်းရေးမှူး +၉၅(၀)၉၄၂၈ ဝ၂၃၈၂၈
ဦးဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀)၉၄၂၅၃ဝ ၈၈၄၀
ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂၈၁၁ ၇၃၄၈
ထောင်တွင်း/ပြင် ကွယ်လွန်နိုင်ကျဉ်းများစာရင်း ဒါင်းလော့ရယူရန် All Dead List 535(Bur,)
ဒေါင်းလော့ရယူရန် Letter for Dead PPs