အေအေပီပီမှ ဒီဇင်ဘာလအတွက် နိုင်ငံရေးအကျဉ်းသားများအခြေအနေပြ လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်း

တစ်လအတွင်းသုံးသပ်ချက်
ဒီဇင်ဘာလတွင်းတွင် တိုင်းရင်းသားဒေသများများမှ တိုင်းရင်းသားကိုးဦး၊ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ)ဖြင့် နှစ်ဦးနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဗဟိုကော်မတီဝင် တစ်ဦးတို့အပါအဝင် ၁၂ ဦး ဖမ်းဆီး ခံခဲ့ရသည်။ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ) ဖြင့်ပင် သုံးဦး တရားစွဲဆိုခံခဲ့ရသည်။ လယ်သမား ၈၂ ဦး၊ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆ (ဃ) ဖြင့် တစ်ဦး၊ မတရားအသင်းအက်ဥပဒေ ၁ရ (၁) ဖြင့် နှစ်ဦး အပါအဝင် စုစုပေါင်း ၈၅ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရ သည်။ ဒီဇင်ဘာလတွင်းတွင် တက်ကြွလှုပ်ရှားသူ ၂၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားနှစ်ဦးမှာမှု ကျန်းမာရေးဆိုးရွား လျက်ရှိကြောင်း သိရှိရသည်။
မတရားသိမ်းဆည်းခံထားရသော လယ်ယာမြေများအတွက် လယ်သမားများသည် ဆက်လက်၍ ပြစ်ဒဏ်ချမှတ် ခံရလျက်ရှိသည်။ ဒီဇင်ဘာလ၂၃ ရက်နေ့တွင် တနသာင်္ရီတိုင်း၊ ရေဖြူမြို့နယ်တရားရုံးမှ တနသာင်္ရီတိုင်း၊ ရေဖြူမြို့နယ်တွင် နေထိုင်သူ လယ်သမား လေးဦးအား ပိုင်နက်ကျူးလွန်ခြင်းအတွက် ရာဇသတ်ကြီး ပုဒ်မ ၄၄ရ ဖြင့် ဒဏ်ငွေငါးထောင်ကျပ်စီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တောင်ကြီးမြို့နယ်တရားရုံးမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့နယ်တွင် နေထိုင်သူ အမျိုးသမီး ၃၂ ဦးနှင့် အမျိုးသား ၄ဝ ဦးတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထိုတောင်သူများအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားရုံးမှ တောင်သူခြောက်ဦးကိုမှု ဒဏ်ငွေပေးဆောင်စေခဲ့သည်။ ထို့ကြောင့် ထိုတောင်သူခြောက်ဦးသည် ပြစ်ဒဏ်ချမှတ်သည့် နေ့တွင် ဒဏ်ငွေများပေးဆောင်ပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့သည်။ NLD မှ ဆောင်ရွက်ရန် ကတိပြုထားခဲ့သော လယ်သမားအခွင့်အရေးနှင့် မတရားသိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးသည် မဖြေရှင်းနိုင်သော ပြဿနာအဖြစ် ဆက်လက်ရှိနေသည်ကို ထိုအခြင်းအရာမှ ပြသနေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ထိုကိစ္စအား အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ရန်လိုအပ်ပြီး မူလပိုင်လယ်ယာမြေများတွင် ထွန်ယက်ရန်ကြိုးစားသော လယ်သမားများကို ပြစ်ဒဏ်ချမှတ်ခြင်းမှ ကာကွယ်နိုင်ရန် သိမ်းဆည်းခံလယ်ယာမြေအရေးကိုလည်း အမြန်ဆုံးဖြေရှင်းရန် လိုအပ်သည်။
မတရားအသင်းအက်ဥပဒေအား လက်နက်သဖွယ် ဆက်လက်အသုံးပြု၍ နိုင်ငံသားများကို အသိအမှတ်ပြုထားခြင်းမရှိသော အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် ပါဝင်သည်ဟု စွပ်စွဲကာ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ် လျက်ရှိသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တရားရုံးမှ ကိုထွန်းထွန်းနိုင်အား ရက္ခိုင့် တပ်မတော် (AA) နှင့် ဆက်နွယ်ခြင်းအတွက် မတရားအသင်းအက်ဥပဒေ၊ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မဲစောက်မြို့တွင် ဖမ်းဆီးခံခဲ့ရသော ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှ ကိုအောင်မင်းစိုးသည် ခွဲထွက် ဒီမိုကရက်တစ် ကရင် အကျိုးပြု တပ်မတော် နှင့် ဆက်သွယ်ခြင်းအတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မတရားအသင်းအက်ဥပဒေဖြင့်ပင် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မန္တလေးခရိုင်တရားရုံးမှ အမျိုးသားလေးဦးအား နိုင်ငံတော်ကို ပုန်ကန်ရန်ကြံစည်မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထိုအမျိုးသားလေးဦးဖြစ်သည့် မန္တလေးမြို့မှ ကိုဇော်မင်းထွေး၊ ဗန်းမော်မြို့မှ ကိုမြင့်သိန်းနှင့် ကိုဧရာမန်း၊ မိုးညှင်းမြို့မှ ကိုခင်မောင်ရွှေတို့သည် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) နှင့်ဆက်သွယ်ကာ အစ္စလာမ်တပ်မတော်ထူထောင်ရန် ကြိုးပမ်းသည်ဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီး၊ တရားစွဲဆိုခံရခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တပ်မှ တနိုင်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)အား လက်မှတ်ရေးထိုးသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ဗဟိုကော်မတီဝင် ကိုမင်းဌေး ကို ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၌ ဖမ်းဆီးခဲ့သည်။ ABSDFမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC)မှတဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုမင်းဌေး လွတ်မြောက် ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များဟု သံသယရှိသည့်အတွက် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်တပ်မှ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လဲ့ဟက်ကျေးရွာမှ ရွာသား ငါးဦးအား ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ အထူးစုံစမ်း၊ စစ်ဆေးရေးရဲများမှ လားရှိုးမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင်းမှ အရပ်သား ၁ရ ဦးအား ဖမ်းဆီး ခဲ့သည်။ ဖမ်းဆီးခံထားရသူများထဲမှ ၁၃ ဦး ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း လေးဦးသည် ဆက်လက် ဖမ်းဆီးခံထား ရဆဲဖြစ်သည်။ ရဲများမှ ထိုအရပ်သား လေးဦးသည် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အဆက်အသွယ်ရှိသောကြောင့် ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဖမ်းဆီးမှုများသည် အစိုးရမှ အကောင်အထည်ဖော်လျက်ရှိသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို နှောင့်နှေး စေသည်သာမက နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ခွင့်ကိုပါ ချိုးဖောက်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း ပုဒ်မ ၂ဝ (၁) တွင် လူတိုင်း လွတ်လပ်စွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့ခွင့်ရှိ သည်ဟုဖော်ပြထားသည်။ ထို့ကြောင့် AAPP မှ အစိုးရအား ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်လျက်ရှိသော ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်ရန်နှင့် ထိုအကျဉ်းသားများကို နှောင့်နှေးမှုမရှိစေပဲ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းပါသည်။
လူမှုကွန်ရက်ပေါ်တွင် ရေးသားခြင်းအတွက် လူပုဂ္ဂိုလ်များကို ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ရန် ဆက်သွယ်ရေးဥပဒေအား ဆက်လက် အသုံးပြုလျက်ရှိသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အသရေဖျက်သည့် စာသားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ခြင်းအတွက် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှ ငဖာ လူမှုကွန်ရက် စာမျက်နှာအား သုံးစွဲသူ ကိုဇော်ဇော်ကို ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့သည်။ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်တာဝန်ခံ ကိုငြိမ်းချမ်းသည် သူ၏ လူမှုကွန်ရက်စာမျက်နှာ၌ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်တစ်ဦးအား အသရေဖျက်သော ဓာတ်ပုံနှင့် စာသားများတင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရကာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လက်ပံတန်းမြို့မရဲစခန်းမှ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်တရားရုံးမှ စလင်းမြို့နယ်၊ စီမံကိန်းဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးထွန်းမင်းလတ်အား ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။ ဦးထွန်းမင်းလတ်သည် လူမှုကွန်ရက်စာမျက်နှာတွင် လူမှုရေး၊ဘာသာရေးမုန်းတီးမှုများ ရေးသား ဖြန့်ဝေခြင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အသရေဖျက်ခဲ့ခြင်းတို့အတွက် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံခဲ့ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယခုလတွင် အီလဲဗင်းမီဒီယာဂရု၏ အမှုဆောင်အရာရှိချုပ်သည် ပြင်းထန်သော နှလုံးရောဂါခံစားနေရသော်လည်း အာမခံ ငြင်း ပယ်ခြင်းခံခဲ့ရသောကြောင့် ပုဒ်မ ၆၆(ဃ) သည် ပို၍ အာရုံစိုက်စရာ ပုဒ်မတစ်ခုဖြစ်လာခဲ့သည်။ အီလဲဗင်းမီဒီယာဂရု၏ အမှုဆောင် အရာရှိချုပ် ဦးသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့သည် ဒီဇင်ဘာလတွင်းတွင် အာမခံ အကြိမ်ကြိမ် ငြင်းပယ်ခြင်း ခံခဲ့ရသည်။ ထိုအာမခံသည် နှလုံးရောဂါ အပြင်းအထန်ခံစားနေရသော ဦးသန်းထွဋ်အောင်ကို အခြေခံသည်။ ဦးသန်းထွဋ်အောင် သည် နှလုံးရောဂါ အပြင်းအထန် ခံစားနေရသောကြောင့် တရားရုံးသို့ ဝှီးချဲဖြင့် ခေါ်ဆောင်ခြင်း ခံခဲ့ရသည် သာမက အင်းစိန်ထောင်မှ တရားရုံးသို့ သွားသည့်လမ်းတွင် နှလုံးရောဂါဖောက်ခဲ့သောကြောင့် ကြားနာမှုတစ်ခုအတွင်း ခုံတန်း ရှည်ပေါ်တွင် လှဲလှောင်းနေခဲ့ရသည်။ သူ၏ဆရာဝန်နှင့် ပြသရန်လည်း တရားသူကြီးမှ ငြင်းပယ်ခဲ့သည်။ ဒီဇင်ဘာလ ၂ရ ရက်နေ့တွင် အီလဲဗင်း မီဒီယာဂရုမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ အရေးအသားများအတွက် တောင်းပန်ခဲ့သည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း၏ အာမခံလျှောက်ထားမှု အား အနောက်ပိုင်းခရိုင် တရားရုံးက အကြောင်းပြချက် ခိုင်လုံမှုမရှိဟုဆိုကာ ပယ်ချခဲ့သည်။
ဒီဇင်ဘာလတွင်းတွင် ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ) ဖြင့် ဖမ်းဆီးခံထားရသူ လေးဦးသည် အာမခံဖြင့် လွတ်မြောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ရက်စာမျက်တွင် စော်ကားရေးသားခဲ့ခြင်းအတွက် ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ)ဖြင့် ဖမ်းဆီးခံခဲ့ရသော မစန္ဒီမြင့်အောင်အား ပဲခူးမြို့နယ်တရားရုံးမှ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အာမခံဖြင့် လွှတ်ပေးခဲ့သည်။ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ) ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသော ပုသိမ် မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဦးဆန်းရွှေသည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့်အတွက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံးမှ သူ့အား အာမခံပေးခဲ့သည်။ သူသည် ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်ကို လူမှုကွန်ရက်စာမျက်နှာတွင် စော်ကားရေးသား ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ) ဖြင့် နိုဝင်ဘာလ တွင်းက ဖမ်းဆီးခံခဲ့ရသော ဆင်မကျေးရွာအုပ်စု NLD ပါတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဒုဥက္ကဋ္ဌ ဦးလွင်ဦးတို့သည် ပုဒ်မ ၆၆ (ဃ)အား ငြိစွန်းခြင်းမရှိသဖြင့် ရဲအချုပ်မှ ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ နေပြည်တော်အခြေစိုက် သတင်း ထောက်တစ်ဦးဖြစ်သူ ဦးမောင်မောင်ထွန်းသည် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဖြင့် နိုဝင်ဘာလတွင်း၌ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒီဇင်ဘာလ ၅ ရက် နေ့တွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ သူသည် အစိုးရပိုင် ကြေးမုံသတင်းစာ၏ အလွတ်တန်း သတင်းထောက်တစ်ဦးဖြစ်သူ ဦးဇော်မင်းအောင် အား အယ်ဒီတာပေးစာကဏ္ဍနှင့် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ လူမှုကွန်ရက် စာမျက်နှာတွင် လွှတ်တော်အမတ်ဟောင်းတစ်ဦးအား ဂုဏ်သိက္ခာညှိုးနွမ်း အောင် ရေးသားခဲ့ခြင်းအတွက် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ) ဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသော မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှ စေတနာ့ ဝန်ထမ်း တစ်ဦးဖြစ်သူ မဇင်မာအောင်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
လွတ်မြောက်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက်များ တင်သွင်းခဲ့သော်လည်း တချို့သည် ထောင်တွင်းတွင် ဆက်လက်ရှိ နေသောကြောင့် ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသော လူပုဂ္ဂိုလ်များအတွက် ထိန်းသိမ်းခံရခြင်း သို့မဟုတ် အာမခံပေးခြင်း နှင့် ပတ်သက်သော တိကျသေချာသည့် သတ်မှတ်ချက်များ မရှိသည်ကို ထိုအမှုများက ညွှန်းဆိုပြနေသည်။ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆ (ဃ) မှ ပြင်းထန်သော ပြစ်ဒဏ်များကို ချမှတ်ပြီး ကျူးလွန်သော ပြစ်မှုနှင့် ပြစ်ဒဏ် ညီမျှခြင်းမရှိပါ။ ဆက်သွယ်ရေး ဥပဒေနှင့် ဆိုးရွားသော ပြစ်ဒဏ်ချမှတ်မှုနည်းသည့် ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ကဲ့သို့သော အသရေဖျက်သည့် အခြားဥပဒေများ ကြား ပြစ်ဒဏ်ချမှတ်မှုများသည် ကွာဟလျက်ရှိသည်။ သူရဦးရွှေမန်းဦးဆောင်သော ကော်မရှင်မှ ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ)အား ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်အား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက်တွင် AAPP မှ ဥပဒေပြု အမတ်များအား ထိုဖိနှိပ်ထားသော ဥပဒေကို ခြွင်းချက်မရှိ၊ အမြန်ဆုံး ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းပေးရန် တိုက်တွန်းပါသည်။ ထို့ပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းမှ တားမြစ်ထားသော အခြားဥပဒေများကို ပယ်ဖျက် ပေးရန်လည်း တိုက်တွန်းပါသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထောင်ဒဏ်လေးနှစ်ချမှတ်ခံထားရသော မြောက်ဦးမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုခိုင်နေမင်းသည် စစ်တွေ ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်ရှမ်းပြည်နယ်တပ်မတော် (တောင်ပိုင်း) (SSA-S) တို့ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ထိန်းသိမ်းခံခဲ့ရသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှ မိုင်းတက်ရွာသား ၁၁ ဦးအား ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ လွှတ်ပေးခဲ့သည်။ TNLAမှ ထိုထိန်းသိမ်း ခံထားရသူများသည် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပြည်သူ့စစ်အဖွဲ့ဝင်များဟုသံသယရှိခဲ့သည်။
AAPP မှ အစိုးရအား နိုင်ငံတွင်း အကျဉ်းထောင်များ၌ အကျဉ်းသားများ ပြည့်ကျပ်နေခြင်းနှင့် ပတ်သက်၍ အမြန်ဆုံး အာရုံစိုက် လုပ်ဆောင်ရန် တိုက်တွန်းပါသည်။ အကျဉ်းထောင်များတွင်း အကျဉ်းသားများ ပြည့်ကျပ်နေခြင်းသည် အကျဉ်းသားများ၏ အခြေခံ အခွင့်အရေးများကို ချိုးဖောက်သည်သာမက အကျဉ်းထောင်များကို အကျဉ်းသားများ၏ ပြုပြင်ပြောင်းလဲရေးအား ဆောင်ရွက်ပေး သော အဖွဲ့အစည်းအဖြစ်မှ တားဆီးထားသည်။ ထို့ကြောင့် AAPP မှ အစိုးရအား အကျဉ်းထောင်များတွင်း လူဦးရေထူထပ်နေခြင်း ကို လျော့နည်းစေရန်အတွက် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို မြန်ဆန်ထိရောက်စွာ အကောင်အထည်အဖော် ဆောင် ရွက်ရန် တိုက်တွန်းပါသည်။
အရပ်သားအစိုးရသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိရန်နှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်အတွက် အမျိုးမျိုးသော လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများသည် ဆက်လက်ဆိုးရွားလျက်ရှိ ဆဲပင် ဖြစ်သည်။ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား ပဋိပက္ခများ ပိုမို ပြင်းထန်လာခြင်း၊ လယ်ယာမြေ အခွင့်အရေးချိုးဖောက်ခံရမှုများ ဆက်လက်ရှိနေခြင်း၊ နိုင်သားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းကို အထက်ပါအဖြစ်အပျက်များမှ တွေ့မြင်နိုင်သည်။ ထို့ ကြောင့် AAPP မှ အစိုးရအား AAPP အသိအမှတ်ပြုထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ပန်ကြားပြီး နိုင်ငံသားများအတွက် နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန် ငြိမ်းချမ်းရေးနှင့် ပို၍ တိုးတက် ကောင်းမွန် သော ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးဆောင်ရွက်ရန်လည်း တိုက်တွန်းပါသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂၈၇၈ ၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁ ၉၆၂ ၈၇၁
ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈၁၁၇၃၄၈
တလအတွင်းသုံးသပ်ချက်ဒါင်းလော့ရယူရန်December Month in Review (Burmese.pdf)
အေအေပီပ၏ တလအတွင်းသတင်းလွှာ ဒေါင်းလော့ရယူရန် DECEMBER NEWSLETTER (Burmese)
ဒီဇင်ဘာလအတွင်းသတင်းစုစည်းမှု ဒေါင်းလော့ရယူရန် Chronology (Burmese)
လက်ကျန်နိုင်ကျဉ်းစာရင်းဒေါင်းလော့ရယူရန် 86 remainging PP list burmese version Updated on Dec 31, 2016
အမှုရင်ဆိုင်နေရဆဲ စာရင်းဒေါင်းလော့ရယူရန် 108 Facing trial (burmese version) Updated on Dec 31, 2016
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားရင်ဆိုင်နေရသူများ 66 (D) total list(new) Updated