စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၂၈ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၂၈ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၁၁) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၅၉၆) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၅၉၀) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၃၀) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၄၀) ဦးနှင့် အမျိုးသား (၂၆) ဦး၊ စုစုပေါင်း (၆၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် သုံးနှစ်အရွယ် မိန်းကလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေး (၇) ဦး ပါဝင်သည်။ အဆိုပါကာလအတွင်း လက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၅၇) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဇွန်လကုန်မှစတင်၍ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသော အကြမ်းဖက် စစ်အုပ်စု၏စစ်ကြောင်းသည် စစ်ကြောင်းတလျှောက်ရှိကျေးရွာများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ဒေသခံများအား ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့သည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း သင်းမကျေးရွာတွင်ရောက်ရှိနေသော အဆိုပါစစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဝက်ဖိုးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဦးအောင်ကြည်ဝေ၊ ဒေါ်ညိုနှင့် မသန်းဌေးတို့သုံးဦးသည် ကျည်စထိမှန်၍ နေရာ၌ပင် သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩