စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇူလိုင် ၁၇ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၁၇ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၈၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၅၂၉) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၅၇၉) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၁၉) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂၅) ဦးနှင့် အမျိုးသား (၃၉) ဦး၊ စုစုပေါင်း (၆၄) ဦးအား နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများ၌ အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၂၆) ဦး၊ စုစုပေါင်း (၃၂) ဦးကိုမတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။ ထိုအရေအတွက်တွင် ရခိုင်ပြည်နယ်မှာ (၉) ဦးဖြင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း၌ (၆) ဦးစီဖြင့်လည်း ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ ကူညီပေးနေသည့် Sisters of Charity of Saints Bartolomea Capitanio and Vincenza Gerosa သီလရှင်အသင်းမှ သီလရှင်ဘင်နီဒက်တာညာမိုးသည် ဒေသခံပြည်သူနှစ်ဦးနှင့်အတူ စစ်ဘေးရှောင်အမျိုးသမီး လူနာတဦးအား ဆေးရုံသို့ပို့ဆောင်စဉ် အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆေးခြင်းကိုခံခဲ့ရပြီး Kpay မိုဘိုင်းငွေလွှဲစနစ်မှ အလှူငွေလက်ခံထားသည့် မှတ်တမ်းများနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ သတင်းအချက်အလက်များ တွေ့ရှိသည်ဟု စွပ်စွဲခြင်းခံရကာ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့ဖမ်းဆီးခြင်းခံခဲ့ရပြီး လေးရက်အကြာတွင် ဒေသခံနှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း သီလရှင်ဘင်နီဒက်တာညာမိုးကိုမူ ဆက်လက်ထိန်းသိမ်းထားပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် စစ်ခုံရုံးမှ ၎င်းအား ထောင်ဒဏ်ရှစ်လချမှတ်ကာ လွိုင်ကော်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

