⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၉ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၅၀) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၄၀၀) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၄၅၇) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၁၈) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် သေဆုံးခဲ့သည့် အမျိုးသမီး (၂၁) ဦးနှင့် အမျိုးသား (၃၉) ဦး၊ စုစုပေါင်း (၆၀) ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် နှစ်နှစ်အရွယ်ယောက်ျားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေး (၁၇) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူ (၆၀) ဦးအနက် ပဲခူးတိုင်းမှာ (၃၃) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်သည်။ အဆိုပါကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သေဆုံးခဲ့သည့် အရပ်သား (၆၄) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၂ ရက်နေ့၊ ည ၇ နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာ၌ နေထိုင်သည့် မင်းကျော်သူ (ခ) ရွှေဂဲသည် အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက်စစ်အုပ်စု၏ ကျိုက်ထိုမြို့အခြေစိုက် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံတပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ဖမ်းဆီး ရိုက်နှက်နှိပ်စက်ခြင်းကိုခံခဲ့ရသောကြောင့် ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိခဲ့သည်။ ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ၎င်းအားနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး မိနစ် ၃၀ ခန့်အကြာ ရရှိခဲ့သောဒဏ်ရာများပြင်းထန်သည့်အတွက် သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩