စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇွန် ၂၂ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန် ၂၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၁၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၂၁၈) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၃၄၉) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၆) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းများကို နေ့စဉ်လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှ ဒေသခံ တောင်သူ ငါးဦးကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးခဲ့သည့်အပြင် ရခိုင် ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအား ပြန်လည် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ အသီးသီးချမှတ်ခဲ့သည်။
ထို့ပြင် နိုင်ငံတဝန်း၌ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများမှာ ဆက်လက်မြင့်တက်လျက်ရှိရာ ဇွန်လသုံးပတ်တာကာလအတွင်း အရပ်သားပြည်သူ (၅၅) ဦး သေဆုံးခဲ့သည်ကို မှတ်တမ်းပြုနိုင်ခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ညောင်လှကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့သည်။ အလားတူ ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေး တဦးအပါအဝင် အရပ်သားရှစ်ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ ဇွန်လ ၁၉ ရက်နေ့က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင် သတင်းအချက်အလက်များအရ သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

