စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇွန် ၉ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန် ၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၉၁) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၁၃၁) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၉၈) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် နှစ်လအရွယ် ယောကျ်ားလေး တဦးအပါအဝင် အသက် ၁၈ နှစ်အောက် မိန်းကလေး (၄၀) ဦးနှင့် ယောက်ျားလေး (၄၉) ဦး၊ စုစုပေါင်း (၈၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့သည်။ သေဆုံးသူများအနက် ပဲခူးတိုင်းတွင် (၂၅) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ချင်းပြည်နယ်တွင် (၁၈) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၆၀) ဦးမှာ စစ်အုပ်စု၏လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၁၇) ဦးမှာ စစ်အုပ်စု၏ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခြင်းကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့သည်။
မေလ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စု၏ ထားဝယ်မြို့နယ်အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လေကြောင်းမှ Gyrocopter များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဥတ္တူကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကိုမျိုးသူ၊ အသက် ၁၈ နှစ်အောက် မိန်းကလေး နှစ်ဦးဖြစ်သည့် မချိုဇင်နှင့် မမီးငယ်ရာတို့သည် ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

