စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဧပြီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၇၄) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၈၇၅) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၄၇) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၄) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့)တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင်၊ ရဲစခန်းအသီးသီးရှိ အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ (၄၃၃၅) ဦးကို ထောင်မှလွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ရာ အဆိုပါစာရင်း၌ နိုင်ငံရေးအကျဉ်းသား ပြန်လည်လွတ်မြောက်မှုအား အေအေပီပီက စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိပြီး၊ ယနေ့ညနေ ၄ နာရီအထိ ကောက်ယူရရှိထားသော သတင်းအချက်အလက်များအရ အကျဉ်းထောင် (၁၇) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၁၄၃) ဦး ဝန်းကျင်ကို အရေအတွက်အားဖြင့်လည်းကောင်း၊ အဆိုပါ အရေအတွက်ထဲမှ (၁၀၅) ဦးကို အမည်နှင့်တကွ လည်းကောင်း ပြန်လည်လွတ်မြောက်လာကြောင်း အတည်ပြုနိုင်ခဲ့သည်။
စစ်အုပ်စုက မြန်မာနှစ်သစ်ကူးကာလအတွင်းမှာပင် အရပ်သားပြည်သူများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ သင်္ကြန်ကာလအတွင်း အရပ်သားပြည်သူလူထု အနည်းဆုံး (၂၀) ဦးဝန်းကျင် အသက်ဆုံးရှုံးခဲ့ရသည်ကို မြေပြင်သတင်းအချက်အလက်များအရ သိရသည်။ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြို) နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒုလ္လဘဦးဇင်းနှစ်ပါးနှင့် ကိုရင်တပါး ပျံလွန်တော်မူခဲ့ပြီး သံဃာအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျ) နေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရင်ဘောင်တိုင်ကျေးရွာကို စစ်အုပ်စုက စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့သဖြင့် အမျိုးသားတဦး သေဆုံးခဲ့သလို၊ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်) နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့သောကြောင့် ပြည်သူသုံးဦး သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

