စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၆၃၆) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၂၁၂) ဦးရှိပြီး ထိုအထဲမှ (၂၂၆၇၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၂၉) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အတုယောင်ရွေးကောက်ပွဲကို ပြုလုပ်နေသည့်တပြိုင်နက်တည်းမှာပင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကယားပြည်နယ်ရှိ မြို့နယ်တချို့တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင် လက်နက်ကြီး၊ လေကြောင်းများဖြင့် တိုက်ခိုက်ခဲ့သလို မကွေးတိုင်းရှိ မြို့နယ်တချို့၌လည်း တိုက်ပွဲများပြင်းထန်နေပြီး စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ခြင်းများအပြင် လေကြောင်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများတွင်လည်း စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံတဦး သေဆုံးခဲ့သည်။ 

ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မဲရုံတခုအတွင်းသို့ ဖုန်းယူဆောင်ခဲ့သည်ဟုဆိုကာ အမျိုးသမီးနှစ်ဦးအား စစ်အုပ်စုက ဖမ်းဆီးခဲ့သလို မန္တလေးတိုင်း၊ ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်များရှိ မဲရုံများတွင်လည်း ဖုန်းဖြင့် ဓာတ်ပုံရိုက်မိသူ လူငယ်တချို့ ဖမ်းဆီးခံခဲ့ရသည်ဟု မြေပြင်သတင်းများအရ သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –      https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org 

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)