စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၅၉၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၁၂၈) ဦးရှိပြီး ထိုအထဲမှ (၂၂၆၅၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၀၄) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ (၁၂၁) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၈၄) ဦးပါဝင်သည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အေအေပီပီ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ စစ်အုပ်စုက အရပ်သားပြည်သူများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်မှုကြောင့် နေ့စဉ်နှင့်အမျှ ပြည်သူထိခိုက်သေဆုံးမှုနှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုများ ပိုမိုများပြားလျက်ရှိသည်။ ဒီဇင်ဘာလအတွင်း စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၁၄) ဦးဝန်းကျင် သေဆုံးခဲ့ရပြီး သောင်းနှင့်ချီနေရပ်စွန့်စွာထွက်ပြေးနေရသည်ကို မြေပြင်သတင်းများအရ သိရသည်။
ဒီဇင်ဘာ ၁၀နှင့် ၁၁ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဆေးရုံနှင့် ကျောက်ဖြူမြို့နယ်၊ ငလုံးစုကျေးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ ဒီဇင်ဘာ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာအနီးကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ငါးဦး သေဆုံးခဲ့သလို၊ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် ပြည်သူများမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

