စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၅၆၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၁၁၄) ဦးရှိပြီး ထိုအထဲမှ (၂၂၆၈၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၂၃) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ (၁၂၁) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၈၄) ဦးပါဝင်သည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အရပ်သားပြည်သူများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို အကြမ်းဖက်စစ်အုပ်စုက ဦးတည်တိုက်ခိုက်နေမှုမှာ အင်မတန်ဆိုးရွားပြင်းထန်လာလျက်ရှိရာ (၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ပင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးများ အပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး၊ ဒဏ်ရာရရှိသူ (၈၀) နီးပါး ရှိခဲ့ကြောင်း ကနဦးမြေပြင်သတင်းအချက်အလက်များအရ သိရှိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် (၅)နှစ်အရွယ်ကလေးငယ် တဦးအပါအဝင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား နှစ်ဦး စုစုပေါင်း ခုနစ်ဦးသည် ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၇၂) ဦးနှင့် အမျိုးသား (၇၅) ဦး စုစုပေါင်း (၁၄၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၅၂) ဦးပါဝင်သည်။ အဆိုပါကာလအတွင်း ၎င်းဒေသ၌ အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား (၈၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

