၂၀၂၅၊ နိုဝင်ဘာလ တလတာအနှစ်ချုပ် အစီရင်ခံစာ

 ၂၀၂၅၊ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ
ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂၅ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၁၉) ဦးရှိခဲ့သည်။ ထိုအပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၄) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၇) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၀၈) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

အေအေပီပီ၏ တလတာ တွေ့ရှိချက်များအရ လွန်ခဲ့သော လများကကဲ့သိုပင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် မဆင်မခြင်ပစ်ခတ်မှု၊ စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့မှု၊ လူသတ်၊ လုယက်မှုများကို အကြမ်းဖက်စစ်တပ်က ဆက်လက် ကျူးလွန် နေဆဲဖြစ်ပြီး ပြည်သူကို ရန်သူသဖွယ် ပြုမူနေဆဲ ဖြစ်သည်။ ထိုသို လူမဆန်အောင် ရက်စက်ကြမ်းကြုတ်သူ စစ်အုပ်စုသည် နိုင်ငံအများစုက လက်မခံဟု ဝိုင်းဝန်းပြောဆို နေသည့်ကြားကပင် တရုတ်နှင့် ရုရှား ကျောထောက် နောက်ခံပြုသည့် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ် ရန်နည်းမျိုးစုံဖြင့် ကြိုးစားနေသည်။ စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲသည် တိုင်းပြည် အနာဂတ်အတွက် မည်သည့်ရလဒ်ကောင်းမှ ထွက်ပေါ်လာမည်မဟုတ်သော်လည်း ရွေးကောက်ပွဲနှောင့်ယှက်သည့် ဥပဒေဆိုပြီး လူထုကို ထပ်မံ ဖိနှိပ် ဖမ်းဆီးနေပြန်သည်။ ထိုသိုရက်စက်ကြမ်းကြုတ်စွာ ပြုမူခံကြရသူများအတွက် တရားမျှတမှု ရရှိရန်ပြည်တွင်း တရားစီရင်ရေးနှင့် သာမက နိုင်ငံတကာ တရားစီရင်ရေးယန္တရားကိုပါ အသုံးပြုပြီး အကြမ်းဖက် စစ်အုပ်စုကို အရေးယူရန် ကြိုးစားကြရမည်ဖြစ်သည်။

ကိုကျော်စိုးဝင်း၊ အလုပ်အမှုဆောင်အဖွဲဝင်၊ အေအေပီပီ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)