စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၅၀၃) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၀၅၇) ဦးရှိပြီး ထိုအထဲမှ (၂၂၆၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၂၈) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ (၈၇) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၅၄) ဦးပါဝင်သည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အတုအယောင်ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်၍ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရှာဖွေနေသည့် စစ်အုပ်စုက ပြည်သူများကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးလျက်ရှိနေသလို၊ အကျဉ်းထောင်တွင်း ထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားများမှာလည်း ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်ခိုင်းခံရခြင်းများကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အလားတူ အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထားခံနေရသည့် အရပ်သားပြည်သူ ထိခိုက်နစ်နာမှုများမှာ နိုဝင်ဘာလနောက်ဆုံးပတ်တွင်လည်း ဆက်လက်အရှိန်မြင့်လျက်ရှိပြီး နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၄၅) ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်ကို အေအေပီပီက အချက်အလက် ကောက်ယူစုဆောင်းနိုင်ခဲ့သည်။ နိုဝင်ဘာလ ၂၂ ရက်နေ့က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဘောရန် ကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်း၌နေထိုင်သော အမျိုးသမီးသုံးဦးသည် တောင်ယာလုပ်ကိုင်နေကြစဉ် စစ်အုပ်စုက ဒရုန်းဖြင့်ဗုံးကြဲခဲ့သောကြောင့် သုံးဦးစလုံး သေဆုံးခဲ့သလို၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့သည်။ ထို့ပြင် နိုဝင်ဘာလ ၂၈ ရက်နေ့၌ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ကလေးအပါအဝင် ပြည်သူခုနစ်ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)