စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၃ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   နိုဝင်ဘာ ၃  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၃၈)ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၉၀၇) ဦးရှိပြီး ထိုအထဲမှ (၂၂၅၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၃၁၈)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လင့်စဉ်ကြီးရွာသစ်ကျေးရွာမှ ဒေသခံဖြစ်သော ကိုချမ်းမင်းဟိန်းကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ အက်ဥပဒေပုဒ်မ-၅၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ တို့ဖြင့် ထောင်ဒဏ် (၁၆)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မြင်းခြံအကျဉ်းထောင်အတွင်း၌ အကျဉ်းကျခံနေစဉ် ကိုချမ်းမင်းဟိန်းမှာ ကျောက်ကပ်ရောဂါနှင့် သွေးတိုးရောဂါများခံစားလာရပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့ဘဲ၊ မြင်းခြံအကျဉ်းထောင်မှ မန္တလေး(အိုးဘို)အကျဉ်းထောင်သို့ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ပြောင်းရွှေ့ခြင်းခံခဲ့ရပြီးနောက်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သည်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် နေ့စဉ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် သေဆုံးသူ (၃၂) ဦးဝန်းကျင် ရှိခဲ့သည်။ အောက်တိုဘာလ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးတဦးအပါအဝင် ငါးဦး သေဆုံးခဲ့သလို၊ အောက်တိုဘာလ ၃၀ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ကို လည်းကောင်း၊  အောက်တိုဘာလ ၃၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်းကောင်း  စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁၀ ဦးကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)