၂၀၂၅၊ အောက်တိုဘာလ တလတာအနှစ်ချုပ်အစီရင်ခံစာ

၂၀၂၅၊ အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ
နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၅ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၄) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၁၄) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၈) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၁၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“၂၀၂၅ ခုနှစ် အောက်တိုဘာလ တလအတွင်းမှာ အေအေပီပီရဲ့ ကောက်ခံရရှိတဲ့ အချက်အလက်အရ အကြမ်းဖက်စစ်အုပ်စုတိုက်ခိုက်ကြောင့် အရပ်သား ပြည်သူ ၁၁၄ ဦး သေဆုံးရတဲ့အထဲမှာ ဘုန်းတော်ကြီးကျောင်းနဲ့ မူလတန်းစာသင်ကျောင်းများအပါအဝင် အရပ်သားပြည်သူလူထုတွေရဲ့နေရာကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးရတာ ၁၀၁ ဦးရှိခဲ့တယ်။ ဘာသာရေးအဆောက်အဦနဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာဥပဒေတွေကလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားတာဖြစ်ပါတယ်။ အခုအချိန်မှာ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ယန္တရားများက အကြမ်းဖက် စစ်အုပ်စုအပေါ် ထိထိရောက်ရောက် မကိုင်တွယ်၊ အရေးမယူဘူးဆိုရင် မြန်မာစစ်အာဏာရှင်တွေကို အားပေးအားမြှောက်ပြုရာရောက်ပါလိမ့်မယ်။ ဒီလိုအရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်တိုက် ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။”

ကိုတိတ်နိုင်၊ အတွင်းရေးမှူး (အေအေပီပီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)