စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   အောက်တိုဘာ ၃၀  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၂၃) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၉၅) ဦးရှိပြီး ထိုအထဲမှ (၂၂၅၈၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၂၉၈)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂ နှစ်အရွယ် မိန်းကလေးတဦးနှင့် ယောကျ်ားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် မိန်းကလေး (၁၈) ဦးနှင့် ယောကျာ်းလေး (၁၇)ဦး စုစုပေါင်း (၃၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ သေဆုံးသူများအနက်  ရှမ်းပြည်နယ်တွင် (၁၀) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၉) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ သေဆုံးရသည့် အကြောင်းရင်းအနေဖြင့် (၂၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး၊ (၆) ဦးမှာ စစ်အုပ်စု၏လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။ အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ အသက် ၁၈ နှစ်အောက် သေဆုံးအရပ်သား (၁၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာလ ၂၆ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာသို့ လူနာသွားသယ်သည့် ပရဟိတယာဉ်တစီးကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထိုယာဉ်ပေါ်၌ လိုက်ပါလာသည့် ပရဟိတ ဆောင်ရွက်နေသော မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ်ကို ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။ မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ်သည် ပုဏ္ဏားကျွန်းမြို့၌ အခြေစိုက်သည့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်တဦးဖြစ်ပြီး လူမှုကူညီရေး အလုပ်များကို လုပ်ဆောင်နေသူဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)