စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၂၈  ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇူလိုင် ၂၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၀၀၈) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၅၉) ဦးရှိပြီး ထိုအထဲမှ (၂၂၂၃၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၂၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အေအေပီပီ၏ သတင်းအရင်းအမြစ်များအရ ဇူလိုင်လ တတိယအပတ်တွင် မကွေးအကျဥ်းထောင်၊ မန္တလေးအကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသောကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည်။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးအကျဉ်းထောင်၌ အကျဉ်းချခံထားရသည့် ဦးပဉ္ဇင်း ပသံသိယ (ခ) ဇာနည်အောင်သည် ကင်ဆာရောဂါကို ခံစားနေရသူဖြစ်ပြီး အကျဉ်းထောင်အတွင်း၌ လုံလောက်သော ဆေးဝါးကုသခွင့်မရရှိခဲ့သောကြောင့် ရောဂါပိုမိုပြင်းထန်လာပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့သည်။ ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင်  မန္တလေးမြို့ရှိ ပုဂံဘုန်းကြီးကျောင်း၌ အကြမ်းဖက်စစ်အုပ်စုမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့်  ထောင်ဒဏ် ၁၅နှစ် အမိန့်ချမှတ်ခံခဲ့ရသည်။

ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိရာ ဇူလိုင်လ ၂၅ ရက်နေ့က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့၌လည်း ၎င်းမြို့နယ်ရှိ ပလမြို့ကို စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် သံဃာတော် တပါး ပျံလွန်တော်မူခဲ့သည်။ အလားတူ ဇူလိုင် ၂၆ ရက်နေ့တွင်ပင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်သည့် ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)