စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇူလိုင် ၂၁ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၂၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၇၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၁၀) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိ ညှဉ်းဆဲသတ်ဖြတ်မှုများကို စစ်အုပ်စုက ကျူးလွန်နေလျက်ရှိရာ ၂၀၂၅ ခုနှစ် နှစ်စမှ ယနေ့အထိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား သေဆုံးသူ စုစုပေါင်း (၇၈) ဦးရှိခဲ့သည်။ ထိုအထဲတွင် မတ်လစစ်ကိုင်း ငလျင်ကြောင့် သေဆုံးသူ (၅၉) ဦး၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် သေဆုံးသူ (၁၈) ဦးနှင့်၊ ထောင်တွင်းပစ်ခတ်မှုကြောင့် သေဆုံးသူ (၁) ဦးတို့ ပါဝင်သည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်တွင် ထောင်ဒဏ် (၆)နှစ် အကျဉ်းကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဘီးလင်းမြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်သည် သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါ များကို ခံစားနေရခဲ့ရပြီး အကျဉ်းထောင်အတွင်း၌လည်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်အချိန်တွင် သေဆုံးခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို မိသားစုအား ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ ညနေပိုင်းအချိန်တွင် အကျဉ်းထောင်မှ ချက်ချင်း မီးသဂြိုဟ်ခဲ့သည်။
ထို့အပြင် ဇူလိုင်လ ဒုတိယအပတ်၌ ဧရာဝတီတိုင်း၊ ပုသိမ်ထောင်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ၂၀ ဦးဝန်းကျင်အား ထောင်ဘူး၀မှ ပြန်လည်ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်လိုက်သည်ဟုလည်းကောင်း၊ ရှမ်းပြည်နယ် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ရှိ နိုင်ငံရေးအကျဉ်းသားများထဲမှ (၆၀၀)ဝန်းကျင်ကို မိတ္ထီလာနှင့် လားရှိုးထောင်များသို့ ပြောင်းရွှေ့နေသည်ဟု လည်းကောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

