စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇူလိုင် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၆၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၃၈၀) ဦးရှိပြီး ထိုအထဲမှ (၂၂၁၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၈၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများမှာ ယခင်သီတင်းပတ်တွင်လည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်ကို အေအေပီပီ၏ လေ့လာစောင့်ကြည့်မှုအရ တွေ့ရသည်။ ဇူလိုင်လ ၈ ရက်နေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာကို စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် လေးဦးတို့မှာ ကျည်စထိမှန်၍ သေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ သုံးဦး သေဆုံးခဲ့သည့်အပြင် ဇူလိုင်လ ၉ ရက်နေ့ကလည်း ၎င်းမြို့နယ်ကို လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့သောကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့သည်။ အလားတူ ဇူလိုင်လ ၉ ရက်နေ့မှာ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ လိုလော်ထီးကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ခုခံတော်လှန်ရေးပြင်းထန်သည့် ဒေသဖြစ်သော စစ်ကိုင်းတိုင်း၌လည်း စစ်အုပ်စု၏ အကြမ်းဖက်မှုများမှာ အရှိန်မြင့်တက်နေဆဲဖြစ်ရာ ဇူလိုင်လ ၁၀ ရက်နေ့က ချောင်းဦးမြို့နယ်၊ ထူးနီကျေးရွာနှင့် ရွာတော်လေးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လ ၁၁ ရက်နေ့၌ စစ်ကိုင်းမြို့နယ်၊ လင်းတလူကျေးရွာရှိ စစ်ရှောင်လူဦးရေ ၁၀၀ ကျော် ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် နှစ်ဒါဇင်နီးပါး သေဆုံးခဲ့သလို ထိုနေ့တွင်ပင် ဝက်လက်မြို့နယ်၊ ရေလည်မော်ကျေးရွာ ကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ တဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းအချက်အလက်များအရ သိရှိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

