စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇူလိုင် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၃၄) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၃၇၃) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၉၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၅) ဦးနှင့် အမျိုးသား (၆၈) ဦး စုစုပေါင်း (၁၀၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၅) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၂) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းမှာ (၁၉) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ အဆိုပါ (၁၀၃) ဦးအနက် (၅၅) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၂၂) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံးသေဆုံးခဲ့သည်။
ဇူလိုင်လ ၈ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၌ အခြေစိုက်သည့် အမှတ်(၂၈၂)ခြေလျင်တပ်ရင်းမှ အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာအကြားရှိ ရာဘာခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဖခင်ဖြစ်သူ ဦးအေးခိုင်၊ ကလေးငယ်သုံးဦးဖြစ်ကြသည့် မပွင့်ဖူးခိုင်၊ မောင်ထိန်လင်းနိုင်နှင့် မနှင်းဝေနိုင်တို့ စုစုပေါင်း လေးဦးမှာ ကျည်စထိမှန်၍ နေရာတွင်သေဆုံးခဲ့သည်။ ၎င်းတို့သည် ဧရာဝတီတိုင်းမှ ဒေသခံများဖြစ်ပြီး ရေဖြူမြို့နယ်အတွင်းသို့ ပြောင်းရွှေ့လာသူများဖြစ်ကြသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

