စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၁၀  ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၈၂) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၀၂) ဦးရှိပြီး ထိုအထဲမှ (၂၂၂၁၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၁၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်းတို့၏တရားဝင် ထိန်းသိမ်းရေးစခန်းများဖြစ်သော စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသား (၆) ဦး၊ ရဲစခန်း၌ သေဆုံးသူ အမျိုးသား (၃) ဦးနှင့် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၁၂) ဦး၊ စုစုပေါင်း (၃၀) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ 

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်၌ အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမအပတ်အတွင်း၌ ဗိုက်အောင့်ခြင်းဝေဒနာပြင်းထန်စွာခံစားရသဖြင့် ဆေးဝါး ကုသခွင့် ရရှိရန်တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ပါ။ ထို့နောက် ရောဂါဝေဒနာအလွန်ပြင်းထန်ချိန်သို့ရောက်ရှိမှ ပြင်ပဆေးရုံသို့ပို့ဆောင်ပေးခဲ့သဖြင့် ဦးမြင့်ဝေသည် အူအတက်ပေါက်ရောဂါဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် သေဆုံးခဲ့သည်။ ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရွာသစ်ကျေးရွာ၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ချမ်းမြသာစည်တရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ၆ (၁) တို့ဖြင့် ထောင်ဒဏ် ၁၉ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)