၂၀၂၅၊ ဇွန်လ တလတာအနှစ်ချုပ်အစီရင်ခံစာ

၂၀၂၅၊ ဇွန် ၁ ရက်မှ ၃၀ ရက်ထိ

ဇူလိုင်လ ၃ ရက်၊ ၂၀၂၅

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ တလတာအတွင်း နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၁၀) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၈) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၆) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့် သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၈၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေဟာ တနေ့တခြားပိုမိုများပြားလာတာတွေကို တွေ့ရှိရပါတယ်။ နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေကို ဆန်းစစ်ကြည့်ရရင် စစ်ကြောရေး၊ အကျဉ်းထောင်နဲ့ အခြားနေရာမျိုးစုံမှာချုပ်နှောင်ခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှုကြောင့်၊ အချိန်မီဆေးဝါးကုသမှု မရရှိမှုကြောင့်၊ လုံ လောက်တဲ့ အာဟာရမရရှိမှုတွေကြောင့်ဆိုတဲ့ အချက်တွေအပြင် ထောင်ပြောင်းရွှေ့မှုတွေကြောင့် မိသားစုဆီက အထောက်အပံ့ရရှိမှုခက်ခဲတာတွေ၊ တချို့တိုက်ပွဲဖြစ်ပွါးရာနဲ့ နီးစပ်ရာဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့်ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံနေရမှု၊ သေဆုံးနေရမှုကိစ္စတွေအတွက် အကျဉ်းထောင်တာဝန်ရှိသူ အဆင်ဆင့်က တာဝန်ခံရမှာဖြစ်ပါတယ်။” ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)