စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၂ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၄၇) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၃၅၃) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် သေဆုံးသူ မိန်းကလေး (၇၄) ဦးနှင့် ယောက်ျားလေး (၆၅) ဦး စုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့သည်။ ထိုအထဲတွင် အသက်အငယ်ဆုံး ၃ လ အရွယ် ယောက်ျားလေးတယောက်ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၄၉) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းမှာ (၂၂) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၁၁၅) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သည်။
ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စုက အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး (၁) ဦးနှင့် ခြောက်နှစ်အရွယ်မိန်းကလေး (၁) ဦး စုစုပေါင်း ၁၈ နှစ်အောက်ကလေး(၂) ဦးကို နွေဦးတော်လှန်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဖမ်းဆီးခဲ့သည်။
မေလ ၂၂ ရက်နေ့တွင် ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်၍ ရန်ကုန်တိုင်းဒေသကြီးမှ ကိုမျိုးကိုကို (ခ) စိုင်းကိုကို (ခ) ဇင်မင်းထက် (ခ) လင်းလင်းဇော်၊ ဇနီးဖြစ်သူ မပြုံးပြုံးနှင့် ၎င်းတို့၏ သမီးဖြစ်သူ အသက် ၆ နှစ်အရွယ် မလင်းလက်ရွှေတို့ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲကာ ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့တွင် ၎င်းတို့ မိသားစုဝင်သုံးဦးအား အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)