စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၄၀) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၃၄၂) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက နေပြည်တော်၌ အမည်ခံငြိမ်းချမ်းရေးဖိုရမ်ကို ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ပြုလုပ်နေချိန် လက်တွေ့မြေပြင်၌ အရပ်သားပြည်သူလူထုမှာ စစ်အုပ်စု၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများ၊ သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆိုးရွားစွာကြုံတွေ့နေရပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ဇွန်လ ၂၅ ရက်နေ့က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ‎ဇွန်လ ၂၆ ရက်နေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကညင်တဲကျေးရွာ၊ လင်းရောင်ခင်ကျေးရွာနှင့် ခြောက်အိမ်စုကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးခဲ့သည်။ ထို့ပြင် ဇွန်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများကို  စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး  အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ကင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့သည်။ ထိုနေ့တွင်ပင် ၎င်းကျေးရွာအနားရှိ မင်းကွန်းကျေးရွာကိုလည်း ဝင်ရောက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၆၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်တွင်း မတရားဖမ်းဆီးချုပ်နှောင်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများသည်လည်း ကျန်းမာရေးစောင့်ရှောက်ခံပိုင်ခွင့်နှင့် အဟာရပြည့်ဝသော အစားအစာရရှိခွင့် တို့ကဲ့သို့သော အကျဉ်းထောင်ဥပဒေပါ ခံစားခွင့်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ပယ်ခံထားရမှုများကို ရင်ဆိုင်နေကြရသည်။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေး(အိုးဘို)အကျဉ်းထောင်တွင် ချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် ဦးအောင်ကျော်ဦးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရုတ်တရက်အမောဖောက်လာ၍ ထောင်တွင်းဆေးရုံ၌ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးခဲ့သည်။ သို့ရာတွင် ၎င်း၏ ရုပ်အလောင်းကို မိသားစုထံသို့ ပြန်ပေးခဲ့ခြင်းမရှိပါ။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)