စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇွန်လ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇွန်လ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၁၃) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၃၁၆) ဦးရှိပြီး ထိုအထဲမှ (၂၂၁၆၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၆၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းတပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများနှင့် အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိရာ ဇွန်လ ၁၆ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဇီးတောကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်တဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာအတွင်းရှိ စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ဆရာမတဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ထို့ပြင် ဇွန်လ ၂၁ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မရိုးကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုမှ ဗုံးကြဲချခဲ့သောကြောင့် သားအဖနှစ်ဦး သေဆုံးခဲ့ပြီး  ၉ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၂၂ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အစပ်ရှိ “မေတ္တာနန္ဒ”ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် မီးနေသည်တဦး သေဆုံးခဲ့ကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံဆောင်တချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)