စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇွန်လ ၆ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန်လ ၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၇၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၂၄၇) ဦးရှိပြီး ထိုအထဲမှ (၂၂၁၀၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၆၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ အမျိုးသမီး (၁၇) ဦးနှင့် အမျိုးသား (၇၆) ဦး စုစုပေါင်း (၉၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် မကွေးတိုင်းမှာ (၄၂) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်။
မေလ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှ ဒေသခံ စောလားထုသည် ၎င်း၏နေအိမ်မှ တောထဲသို့ ဟင်းစားရှာထွက်လာစဉ် ပိန္နဲတောတပ်စခန်းမှ ဝင်းတာပန်တပ်စခန်းသို့ သွားလာနေသည့် အင်အား ၁၀၀ခန့်ပါဝင်သည့် စစ်ကြောင်းက ၎င်းအား ဖမ်းဆီးခဲ့သည်။ ထို့နောက် ဇွန်လ ၃ ရက်နေ့တွင် သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာနှင့် အင်းကျေးရွာအကြားရှိ တောအတွင်း၌ ညှဉ်းပန်း နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် စောလားထု၏ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

