၂၀၂၅၊ မေလ တလတာအနှစ်ချုပ်အစီရင်ခံစာ

ဇွန် ၃၊ ၂၀၂၅

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ မေလ တလတာအတွင်း နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၉) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၅၂) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၄) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၀၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“အာဆီယံအနေနဲ့ စစ်အုပ်စုကို အာဆီယံသဘောတူညီချက် ၅ ချက် လိုက်နာဖို့ တိုက်တွန်းနေပေမဲ့ သူတို့ဟာ အပြစ်မဲ့အရပ်သားပြည်သူတွေနဲ့ ကျောင်းသားတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကို တွေ့ရှိရပါတယ်။ အဲသလို ကျူးလွန်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်နေပြီး ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုကို ခွင့်လွှတ်ပေးဖို့ ပိုပြီးခက်ခဲလာစေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ပြဿနာဟာ မြန်မာနိုင်ငံတွင်းမှာပဲ ရပ်တန့်နေတာ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများကိုပါ ပျံ့နှံ့နေတာပါ။ စစ်အုပ်စုရဲ့အပြုအမူတွေဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်နေပါတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အခုလို ဆက်လက်ကျူးလွန်နေခြင်းကို အမြန်ဆုံးရပ်တန့်အောင် နည်းလမ်းရှာရာမှာ စစ်အုပ်စုခေါင်းဆောင်များနဲ့ ထိတွေ့ဆက်ဆံခြင်းဟာ စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုများကို အားပေးနေခြင်းဖြစ်ပြီး ပြစ်ဒဏ်မှကင်းလွတ်ရအောင် အထောက်အကူပြုနေခြင်းပဲ ဖြစ်ပါတယ်။” ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)