စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၅၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၉၇) ဦးရှိပြီး ထိုအထဲမှ (၂၂၀၆၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၀၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၇) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အကျဉ်းထောင်တွင်း သေဆုံးသူ (၂) ဦး ပါဝင်သည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ တကူကုန်းကျေးရွာ၊ ကြာအင်း ကျေးရွာအုပ်စုရှိ ဦးကျော်စိုး (ခ) ယောပေါလေး၏နေအိမ်သို့ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ အရပ်ဝတ်စစ်သား ခုနစ်ဦးက ဝင်ရောက်ခဲ့ပြီး Moon Light အဖွဲ့နှင့်ဆက်စပ်နေသည်ဟုစွပ်စွဲကာ ၎င်းအား ဖမ်းဆီးခဲ့ပြီးနောက် အိမ်စီးကားဖြင့် လှည်းကူးစစ်ကြောရေးသို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) အရ ထောင်ဒဏ် (၁၀) နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်းသည် စစ်ကြောရေးတွင် နှိပ်စက်ညှဥ်းပန်းခံခဲ့ရသော ဒဏ်ရာများကြောင့် မကြာခဏ မူးလဲသည့်ဝေဒနာခံစားနေရသူဖြစ်သော်လည်း သာယာဝတီအကျဉ်းထောင်၌ ချုပ်နှောင်ခြင်းခံထားရစဉ် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သောကြောင့် ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

