စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေလ ၅ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေလ ၅ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၆၀၇) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၁၁) ဦးရှိပြီး ထိုအထဲမှ (၂၂၂၀၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၉၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအရှိန်မြင့်နေသည့် ဒေသများကို ဦးတည်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ်ပြုလုပ်နေလျက်ရှိရာ မေလဆန်းကတည်းက စစ်ကိုင်း၊ မကွေး၊ မန္တလေးတဝိုက် လက်နက်ကြီး၊ လေကြောင်းဖြင့် ထိုးစစ်ဆင်မှုများ ကျူးလွန်လျက်ရှိသောကြောင့် အရပ်သားပြည်သူထိခိုက်ခံစားရမှုများ ဖြစ်ပေါ်နေသည်။ မေလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသာယာကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေး ၂ ဦး ကျည်စ ထိမှန်သေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် မကွေးတိုင်း၊ ဆောမြို့နယ်၊ အညာကတင်းကျေးရွာရှိ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းဆောင်များ ပျက်စီးခဲ့သည့်အပြင် လူနေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မေလ ၂ ရက်နေ့က တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မော်တုံး(အနောက်)ကျေးရွာရှိ စာသင်ကျောင်းဝင်းထဲကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။ မေလ ၃ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာစာသင်ကျောင်းဆောင် ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦးလည်း သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

