စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၉၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၀၈၂) ဦးရှိပြီး ထိုအထဲမှ (၂၁၄၈၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၄၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်ကုန်ဆုံးခါနီး နောက်ဆုံးရက်သတ္တပတ်အတွင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ နှစ်သစ်ကြိုဆိုပွဲကျင်းပရန် ပြင်ဆင်နေကြချိန်၌ တိုင်းပြည်အာဏာကို မတရားသဖြင့်လုယူထားသည့် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းအားသာချက်ကို အသုံးချ၍ နိုင်ငံအတွင်းနေရာအနှံ့အပြားကို ဝေဟင်မှ လူသတ်လက်နက်မီးကျည်များပစ်ဖောက်၍ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ နှစ်ဟောင်းကုန်ဆုံးသည့် နောက်ဆုံးနေ့ရက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ တရက်တည်းမှာပင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ရမ်းနဂါးကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းကိုလည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဆင်စခန်းခေါ် စစ်ရှောင်စခန်းကိုလည်းကောင်း၊ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ နှစ်ဆယ်ဝန်းကျင် သေဆုံးခဲ့ပြီး၊ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စောင့်ကြည့်လေ့လာမှုများ၌ မှတ်တမ်းတင်ထားနိုင်ခဲ့သည်။
ထို့အပြင် သတ်ဖြတ်ခြင်းကို ယဉ်ပါးစွာကျူးလွန်နေသည့် စစ်အုပ်စု၏ လက်ချက်ဖြင့် မြန်မာနိုင်ငံတဝန်းနေရာဒေသအသီးသီးတွင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခြင်းခံရသူ ၂၀၂၄ တနှစ်အတွင်း စုစုပေါင်း (၄၀၆) ဦး ရှိကာ အဆိုပါအရေအတွက်တွင် စစ်အုပ်စု၏ တရားဝင်ထိန်းသိမ်းရေးစခန်းများဖြစ်သော ရဲစခန်းများတွင် သေဆုံးသူ (၁၂) ဦး၊ စစ်ကြောရေးစခန်းများတွင် သေဆုံးသူ (၁၅) ဦး၊ အကျဉ်းထောင်များတွင် သေဆုံးသူ ဦးရေ (၃၁) ဦး သေဆုံးခဲ့သည်ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး လက်တွေ့မြေပြင်၌ ယခုအရေအတွက်ထက် ပိုမိုများပြားနိုင်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

