အညတြသူရဲကောင်းများ။ အကျဉ်းစံတို့၏အထုပ္ပတ္တိ

နွေဦးတော်လှန်ရေးသည် မတူကွဲပြားသော နောက်ခံသမိုင်းကြောင်းများ၊ ဘဝအတွေ့အကြုံများနှင့်အတူ နိုင်ငံတဝှမ်းမှ လူများကို စုစည်းညီညွတ်စေခဲ့ပြီး စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများအား ဆန့်ကျင်ရင်ဆိုင်ရန်အတွက် ရပ်ရွာခေါင်းဆောင်များ၊ CDM ဆန္ဒပြသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကဗျာဆရာများ၊ မိဘများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ လယ်သမားများ၊ ရှေ့နေများ၊ သူနာပြုများ၊ တက်ကြွလှုပ်ရှားသူများ၊ CDM အလုပ်သမားများ၊ ကျောင်းသားများနှင့် သာမန်အရပ်သားများနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်း ပြည်သူတရပ်လုံးက ၎င်းတို့၏ ယုံကြည်ချက်အတွက် မမောမပန်း ရုန်းကန်ဆောင်ရွက်ခဲ့ကြသည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် စစ်ပြုနေခြင်းလည်းဖြစ်သည်။

ဖမ်းဆီးခြင်း၊ မတရားအနိုင်ကျင့် လက်စဖျောက်ခြင်း၊ ပစ္စည်းသိမ်းခြင်းနှင့် ဆင်ဆာဖြတ်ခြင်းတို့ အပါအဝင် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စစ်အစိုးရသည် ဒီမိုကရေစီရေး လှုပ်ရှားမှု၏ အမှတ်ရစရာများကိုပါ ချေမှုန်းဖျောက်ဖျက်ပစ်ရန် ကြံစည်ခဲ့သည်။ ၎င်းတို့သည် မရေမတွက်နိုင်သော အာဏာတလွဲသုံးမှုများ ကျူးလွန်ခဲ့ပြီး လူများအား နိုင်ငံရေး အကျဉ်းသားအဖြစ် နိုင်ထက်စီးနင်း ဖမ်းဆီးပြီး ထောင်ထဲတွင် မတရားပြုကျင့်ခဲ့ကြသည်။ သို့သော် အကျဉ်းထောင်များသည် လက်ရှိလူ့အဖွဲ့အစည်း၏ အခြေအနေမှန်ကို ထင်ဟပ်လျက်ရှိပါသည်။ မြန်မာလူမှုအဖွဲ့အစည်းအတွင်း အကြမ်းဖက်စစ်တပ်သည် အကျဉ်းခန်းအတွင်း ခြေမချဖူးသူများအား ရက်စက်စွာအကြမ်းဖက်ခြင်းနှင့် ဖိနှိပ်ခြင်းများ ကျူးလွန်လျက်ရှိသည်။ စစ်ပွဲ၏ ရှေ့တန်းအနီးရှိ ရွာငယ်လေးများမှသည် ရန်ကုန်နှင့် မန္တလေး မြို့ပြကြီးများအထိ နိုင်ငံတစ်ဝှမ်းရှိ အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားကို ကွဲကွဲပြားပြား သိမြင်စေခဲ့သည်။

သို့သော်လည်း အကြမ်းဖက်စစ်တပ်သည် နွေဦးတော်လှန်ရေးအမှတ်အသားများကို ဖျောက်ဖျက်ရန် ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့ပါ။ AAPP အပါအဝင် အဖွဲ့အစည်းအများအပြားသည် နိုင်ငံရေးအကျဉ်းသားများနှင့် ကျဆုံးခဲ့သောသူရဲကောင်းများ၏ အောက်မေ့သတိရမှုများအား ဆက်လက်ထိန်းသိမ်းထားရန်၊ ထိုသူတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုရန်နှင့်၊ အကြမ်းဖက်စစ်တပ်အနေဖြင့် ၎င်းတို့၏လုပ်ရပ်များအတွက် တာဝန်ယူစေရန် အသေအချာ သိမ်းဆည်းခဲ့ကြသည်။ ထိုကဲ့သို့ မမောနိုင်မပမ်းနိုင် လုပ်ဆောင်ခဲ့ကြသည့်အတွက် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား  လူအများကိုသိရှိစေခဲ့သည်။ အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြားကပင် ဒီမိုကရေစီတိုက်ပွဲသည် ရှေ့သို့ဆက်နိုင်ခဲ့ကြသည်။ 

 

နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံး၏ ဇာတ်လမ်းအလုံးစုံအားဤစာမျက်နှာများပေါ်မှနေ၍ အကုန်အစင်ပြောပြနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်လည်း နိုင်ငံတဝှမ်း နေရာဒေသမျိုးစုံမှ လူမသိသူမသိ သာမာန်ပြည်သူများ၊ သူရဲကောင်းများ၏ တကယ့်အဖြစ်အပျက်များကို ပြောပြခြင်းဖြင့် နွေဦးတော်လှန်ရေး၏ လျှပ်တစ်ပြက်ပုံရိပ်များနှင့်အတူ မကောင်းဆိုးဝါး အကြမ်းဖက်စစ်တပ်ကိုရင်ဆိုင်ရာတွင် ပြည်သူတို့၏ ခံနိုင်ရည်ရှိမှုနှင့် ထိရောက်မှုများအား အမှတ်ရစေနေလိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် နောင်တချိန် နောက်ကိုပြန်လှည့်ကြည့်သည့်အခါ သူတို့၏အမည်နာမများထက်ပို၍ အမှတ်ရနေကြပေလိမ့်မည်။

           

အသည်းနှလုံး ပတ်ပတ်လည်မှာ
သံတွေလို စိုက်ဝင်နေမယ့်
မှတ်ဉာဏ်တွေ ငါတို့လိုတယ်၊
 
မှတ်ဉာဏ်တွေ မရှိခဲ့ရင်
​သေသူတွေ လာလည်တဲ့အခါ
ငါတို့ ဘာနဲ့ဧည့်ခံကြရမှာလဲ။
 
– အောင်ခင်မြင့်

           

 

Original File Download Here; unsung hero.aapp