နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကျဆုံး
သတင်းထုတ်ပြန်ချက်
အောက်တိုဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ်
မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ၂၀၂၀ ခုနှစ် ရွေးကောက်ခံ အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ၊ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းကျခံနေရစဉ်အတွင်း လုံလောက်သည့် ဆေးကုခွင့် မရရှိဘဲ၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ယနေ့ အောက်တိုဘာလ နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။
ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရ အမှတ်(၁) မဲဆန္ဒနယ်မြေမှ ရွေးကောက်ခံ ကိုယ်စားလှယ် တဦးဖြစ်ပြီး စင်ပြိုင်အစိုးရဖွဲ့စည်းမှု ပုဒ်မ ၁၂၂ (၁) ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၁၉၉၆ ခုနှစ် မတ်လတွင် အကျဉ်းထောင်တွင်း ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် အထိမ်းအမှတ် သွေးသစ်လှိုင်း မဂ္ဂဇင်းထုတ်ဝေမှု၊ ပုဒ်မ ၅(င) ဖြင့် ထောင်ဒဏ် ၇ နှစ် ထပ်တိုးချမှတ်ခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Professor Yozo Yokota အား စာရေးဆက်သွယ်မှုဖြင့် အကျဉ်းထောင်တွင်းတွင် စစ်ထောက်လှမ်းရေးများ၏ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှု အပြင်းအထန်ခံခဲ့ရသည်။ ၂၀၀၉ ခုနစ် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့တွင် မြစ်ကြီးနားထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျောက်ပန်းတောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသည်။ ၂၀၁၅ ခုနှစ်တွင် အမရပူရမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး မန္တလေးတိုင်းဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးကောက်ခံခဲ့ သည်။ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင်ပင် နေအိမ်၌ မိသားစုအလိုက် အဖမ်းခံခဲ့ရသည်။ ဖမ်းဆီးခံရချိန်တွင် ကင်ဆာရောဂါ ခံစားနေရသူဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းထောင်အတွင်းတွင် လိုအပ်သည့်ဆေးဝါးကုသမှုမရရှိပဲ ရောဂါအခြေ အနေ ပိုမိုဆိုးရွာလာခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သို့ ပြောင်းရွှေ့ ခဲ့သည်။ အောက်တိုဘာ ၅ ရက်နေ့တွင် အသက်ရှုခက်ခဲလာသဖြင့် ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင် (ICU) သို့ရောက်ရှိခဲ့ပြီး သတိလစ်မေ့မျောနေခဲ့သည်။ သတိလစ်မေ့မျောပြီး အသက်လုနေရချိန် အောက်တိုဘာလ ၆ ရက်နေ့တွင် စစ်တပ်အာဏာပိုင်များမှ လွှတ်ပေးကြောင်းစာကို လာရောက်ဖတ်ပြ အသိပေးခဲ့သော်လည်း ဒေါက်တာဇော်မြင့်မောင်မှာ သိနိုင်ခြင်း မရှိတော့ပေ။
အေအေပီပီ၏ မှတ်တမ်းအရ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှစ၍ အကျဉ်းထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသား သေဆုံးသူ ၁၀၃ ဦးရှိပြီး ဆေးကုသမှုမရခဲ့သဖြင့် ကျန်းမာရေးချို့တဲ့မှုကြောင့် သေဆုံးသူ ၆၃ ဦးပါဝင်သည်။
ပြီးခဲ့သည့် ဩဂုတ်လတွင် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည့် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ ကိုဖေမောင်စိမ်းသည် အကျဉ်းထောင်တွင်း ကျန်းမာရေးအလွန်ဆိုးရွားလာပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်လာခဲ့သည်။ မည်သို့မျှ အသက်ရှင်နိုင်စွမ်းမရှိတော့သည့်အချိန်တွင် အာဏာပိုင်များမှ အကျဉ်းထောင်မှ လွှတ်ပေးလိုက်ပြီး ၃ ရက်အကြာ သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့၊ ဆာကူရာဆေးရုံတွင် သေဆုံးခဲ့သည်။
အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်မှ “ဒီလို သေဆုံးကာနီးမှ လွှတ်ပေးကြောင်း ထုတ်ပြန်တာဟာ အရင် စစ်အာဏာရှင်အဆက်ဆက်မှာလည်း ရှိခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်တို့ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် အကြံဆိုးနဲ့ သေဒဏ်ပေးခြင်းပဲဖြစ်တယ်” ဟု ပြောဆိုလိုက်သည်။
ယခုအချိန်ကာလတွင် ပြည်သူများသည် အချိန်မရွေး အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ကို နေ့စဉ်နဲ့အမျှခံနေကြရသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ပြည်သူတို့သည် နေ့စဉ်နှင့်အမျှ လုံခြုံမှုမရှိဘဲ အသက်အန္တရာယ်နှင့်ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။ ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသားများသည် အကျဉ်းထောင်/စခန်းများတွင် ပုံသဏ္ဍန်မျိုးစုံဖြင့် အဆိုးရွားဆုံး ညှဉ်းပန်းနှိပ်စက် ခံနေကြရသည်။
အေအေပီပီ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း “စစ်တပ်က ကြီးစိုးနေသရွေ့ သမ္မတဖြစ်လည်း ကြက်ကလေး ငှက်ကလေးလိုအဖမ်းခံရနိုင်တယ်“ ဟု ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ ဧရာဝတီသတင်းဌာနနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မိမိတို့အေအေပီပီအနေဖြင့် ယခုကဲ့သို့ အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အတွက် တရားမျှတမှုရရှိသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ထိုသို့ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေသည့် ကျူးလွန်သူစစ်အုပ်စုအား ထိရောက်စွာအရေးယူ ပေးရန်လည်း အေအေပီပီအနေဖြင့် တောင်းဆိုအပ်ပါသည်။
အရေးတော်ပုံမုချအောင်ရမည်….
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
AAPP
အပြည့်အစုံဖတ်ရန် သတင်းထုတ်ပြန်ချက်