၂၀၁ဝ မှ ၂၀၂ဝ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မြန်မာပြည်အနှံ့အပြား ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် သုံးသပ်တင်ပြချက်အစီရင်ခံစာ

ပြဿနာများကို မျက်ကွယ်ပြုထားမိလျှင် လက်ထဲမှာ လမ်းပြမြေပုံကိုင်၍ သွားသော်လည်း အတိဒုက္ခများဆီသို့သာဆိုက်ရောက်ကြပါလိမ့်မည်
နိဒါန်း
ယခုအစီရင်ခံစာကို AAPP နှင့်မိတ်ဖက်အဖွဲ့အစည်းများ၏ ကွင်းဆင်းသုတေသနနှင့် ရှိနှင့်ပြီးသော အချက်အလက်များ၊ ပြည်တွင်းပြည်ပ သုတေသနစာတမ်းများ၊ အစီရင်ခံစာများ၊ မီဒီယာသတင်းများကိုအခြေခံပြီး ၂၀၁ဝ ဇန်နဝါရီလမှ ၂၀၂ဝ ဇူလိုင်လထိ ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမှ မှတ်တမ်းတင်ထားရှိနိုင်သမျှများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက် ၁၀၀၀ဝ ကျော်ကိုသုံးသပ်ပြီးဖော်ပြထားပါသည်။ လက်လှမ်းမှီသော အခြေအနေ၊ အချိန်အတိုင်းအတာကြောင့် ယခုအစီရင်ခံစာသည်အလုံးစုံလွှမ်းခြုံနိုင်မည် မဟုတ်သော်လည်း အဓိကဖြစ်ရပ်များကို လွှမ်းခြုံရယူနိုင်ရန် ကြိုးပမ်းထားခြင်းဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ အဓိက လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သော သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ နေရပ်မှရွှေ့ပြောင်းခြင်း၊ အတင်းအဓမ္မနေရပ်မှ စွန့်ခွာရခြင်း၊ လွတ်လပ်စွာလှုပ်ရှား သွားလာမှုကိုကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း၊ ဘာသာရေးကိုးကွယ်ယုံကြည်မှုကို ထိခိုက်စေခြင်း၊ လွတ်လပ်စွာ စုရုံးထုတ်ဖော်မှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း၊ လွတ်လပ်စွာထုတ်ဖော်ရေးသားမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုစည်းခွဲခြားပြသဖော်ပြထားပြီး နှစ်အလိုက်၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် မြို့နယ်အလိုက်တင်ပြထားပါသည်။
ယခုအစီရင်ခံစာတွင် အဓိကအားဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အာဏာပိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဓိကတင်ပြထားပြီး အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများ၊ လိင်စိတ်ကွဲပြားသူများ၊ မီဒီယာ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်များ လူနည်းစုတိုင်းရင်းသားများ၊ ကျေးလက်နေလူတန်းစား၊ လယ်သမား၊ အလုပ်သမားများနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများပေါ် သက်ရောက်မှု ဖြစ်စေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများအလိုက် အကြံပြုတင်ပြထားပါသည်။
ယခုအစီရင်ခံစာသည် နိုင်ငံတကာအသိုက်အဝန်းတွင် အသွင်ပြောင်းကာလ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို သိမြင်နားလည်ကာ ပိုမိုကောင်းမွန်လာနိုင်ရန် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး လူ့အခွင့်အရေး ကြိုးပမ်းမှုကို တစ်ထောင့်တစ်နေရာမှ မှတ်တမ်းတင်ထည့်ဝင်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်လည်းဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ၂၀၁ဝ မှ စတင်ပြီး ဒီမိုကရေစီ ပြည့်ဝပြီး လူ့အခွင့်အရေးရှိသော နိုင်ငံတော်တစ်ရပ် စတင်တည်ဆောက်နေသော မြန်မာနိုင်ငံအနေဖြင့် မည်သည့် အစိုးရတက်သည်ဖြစ်စေ၊ ယခုလိုလူ့အခွင့်အရေးချိုးဖောက်မှုများကို သိရှိမှတ်တမ်းတင်ခြင်းဖြင့် နောင်ကာလများတွင် လျော့ပါးပပျောက်ပြီး ဖြစ်ရပ်များအပေါ်တွင် စနစ်တကျ ဆန်းစစ်ဖော်ထုတ်ခြင်း၊ ပြစ်ဒဏ်ချမှတ်နိုင်ခြင်း၊ တရားဉပဒေတည့်မတ်မှန်ကန် စိုးမိုးခြင်းနှင့် ထိခိုက်ခံရသူများ မိသားစုများအပေါ်တွင် ပြန်လည်တရားမျှတမှု ရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ယခုအစီရင်ခံစာကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။
ယခုအစီရင်ခံစာပေါ်မူတည်ပြီး မြန်မာနိုင်ငံ၏ အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို သိရှိပြီး သက်ဆိုင်ရာ အစိုးရအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြေပြင်ဖြစ်ရပ်များကို လေ့လာဆန်းစစ်ပြီး ထိခိုက်ခံစားနေရသူများကို တရားမျှတမှု ရရှိစေရန် ထိခိုက်မှုများလျော့ကျစေရန် ရည်ရွယ်ပြီး အကြံပြုချက်များကိုလည်း တင်ပြထားပါသည်။
ထိုအကြံပြုချက်များသည် အစိုးရအဖွဲ့အစည်းများ၏ တာဝန်ယူမှု တာဝန်ခံမှု တရားမျှတမှု ရရှိနိုင်ရန်၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များ၏ အခန်းကဏ္ဏ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှု အစရှိသည်များကို မည်သို့တိုးတက်အောင် ဆောင်ရွက်နိုင်မည်ကို ပါဝင်သော အရပ်ဖက်အဖွဲ့အစည်းအသီးသီး၏ ဘုံသဘောတူညီများဖြင့် ဆွေးနွေးတင်ပြထားပါသည်။
အစီရငျခံစာအပွညျ့အစုံဒေါငျးလော့ရယူရနျ HRV(myanmar)ebook