ဩဂုတ်လအတွက် လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်း ထုတ်ပြန်ကြေညာချက်
တစ်လအတွင်းသုံးသပ်ချက်
ဩဂုတ်လအတွင်းတွင် စုစုပေါင်း ၁၁၉ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၁၁၉ ဦးအနက်မှ ရခိုင်တိုင်းရင်းသား သုံးဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊(ဈ)၊ ၅၂(က)၊(ခ)၊ တက်ကြွလှုပ်ရှားသူ သုံးဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ(ငြိမ်း၊စု၊စီ) ပုဒ်မ ၂၀၊ ပြင်ဦးလွင်မြို့နယ်မှ တောင်သူ ၁၀ဝ ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၃၃၂၊ ၃၃၃၊ ၃၃၆၊ ၂၉၄၊ ၅၀၆၊ ၁၁၄၊ ကယားပြည်နယ် ဒေါဆိုရှေ့ကျေးရွာနှင့် ဒေါမူကလားကျေးရွာတို့မှ တောင်သူ ကိုးဦးသည် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁)၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တို့ဖြင့် အသီးသီး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရ သည်။
ဩဂုတ်လအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၂၃ ဦးရှိသည့်အနက်မှ ရခိုင်တိုင်းရင်းသား ခုနှစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊(ဈ)၊ ၅၂(ခ)၊ တက်ကြွလှုပ်ရှားသူ နှစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ကယား ပြည်နယ်မှ တောင်သူ ခုနှစ်ဦးသည် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁)တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး အရပ်သား ခုနှစ်ဦးသည်လည်း သံသယဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ဩဂုတ်လအတွင်း စုစုပေါင်း ၂၉ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၂၉ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ ခြောက်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ တောင်သူ ခြောက်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၃၂၊ ၄၄၀၊ ၁၁၄၊ ၁၈၉ တို့ဖြင့် အသီးသီး ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရပြီး ရခိုင်ဒေသမှ စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံခဲ့သည့်အတွက် ရက္ခတော်ဝင် ပရဟိတ စေတနာရှင်များ အဖွဲ့ဝင် ၁၆ ဦးသည် ငွေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။
ဩဂုတ်လအတွင်း စုစုပေါင်း ၂၄ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား ငါးဦးဖြစ်သော ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်နှင့် မနေဇာထွန်း၊ ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေး နှင့် ရှေ့နေ ဦးဇော်ဝင်း တို့သည် ကျန်းမာရေး ကောင်းမွန်ခြင်း မရှိကြောင်း သိရှိရသည်။
တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် စတင်ခဲ့သော တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား ဖြစ်ပွား လျက်ရှိသော တိုက်ပွဲများ ပို၍ ပြင်းထန်လာသည်နှင့်အမျှ ဖမ်းဆီး၊တရားစွဲဆိုခြင်းများ၊ ထိခိုက်၊ သေဆုံးမှုများ သည်လည်း တဖြည်းဖြည်း မြင့်တက်လာလျက်ရှိသည်။ ၎င်းပြင် ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့၏ ပဋိပက္ခများကြား အရပ်သားများ ထိခိုက် သေဆုံးမှု၊ဒဏ်ရာရရှိမှုများစွာ ဖြစ်ပေါ်လာလျှက်ရှိသည်။
ဩဂုတ်လအတွင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့မှ ကျောင်းဆရာ နှစ်ဦးအပါအဝင် အရပ်အသား စုစုပေါင်း ၁၂ ဦးသည် AA နှင့်ဆက်နွယ်သည်ဟူသော သံသယ၊ ပေါက်ကွဲမှုသံသယတို့ဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထို ၁၂ ဦးအနက်မှ အရပ်သား လေးဦးသည် ပြန်လည် လွတ်မြောက်လာခဲ့ပြီး ကျောင်းဆရာ နှစ်ဦးနှင့် အရပ်သား တစ်ဦးတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းကို ခံထားရသည်။ ထို့ပြင် တိုက်ပွဲများဖြစ်ပွားနေသော မြောက်ဦးမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု တွင်း နေထိုင်သည့် လယ်သမား တစ်ဦးသည် ပျောက်ဆုံးသွားခဲ့ပြီး ရသေ့တောင်မြို့နယ်မှ အရပ်သား တစ်ဦးကို လည်း တပ်မတော် စစ်ကြောင်း တစ်ခုမှ လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်မှ ထိုးစစ်များ ရပ်တန့်မပေး၍ဟုဆိုကာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ် နောင်ချိုနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ခြောက်နေရာကို တစ်ပြိုင်တည်း စစ်ဆင်ရေး တစ်ရပ် ပြုလုပ်ခဲ့သည်။ အကျိုးဆက်အနေဖြင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုတွင် ပါဝင်သည်ဟူသော သံသယဖြင့် ရှမ်းပရဟိတကျောင်းဆရာ နှစ်ဦးဖြစ်သော စိုင်းခွန်မိုင်းနှင့် စိုင်းလင်းစင့်တို့သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထိုပဋိပက္ခများ၊ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ဆက်လက်ဖြစ်ပွားနေသရွေ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင်း နှစ်ပေါင်း ခုနှစ်ဆယ်ကျော်ကြာ ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းနိုင်ရန်အတွက် အမြန်ဆုံး အဖြေရှာရန် လိုအပ်ပြီး ထိခိုက်နစ်နာခဲ့ရသော ဌာနေတိုင်းရင်းသားများအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ပေးရန်မှာလည်း လိုအပ်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ရေးအတွက် အစိုးရမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ၊ ၂၀၁ရ ခုနှစ်၊ မေလနှင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတို့တွင် ကျင်းပပြုလုပ် ခဲ့သော်လည်း နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ရရှိရန် မျှော်လင့်ချက်မှာ အလှမ်းဝေး နေဆဲဖြစ်သည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)ကို လေးစားလိုက်နာရန်နှင့် ညှဉ်းပန်းနှိပ်စက်မှု ကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်(UNCAT)၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR)တို့အား လက်မှတ်ရေးထိုး အတည်ပြုရန် ပျက်ကွက်လျက်ရှိခြင်း သည်လည်း နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကို ဆုံးရှုံးစေသည်။
ထို့ပြင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ ထိုးစစ်များ၊ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့၏ တိုက်ပွဲများနှင့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့၏ တိုက်ပွဲများတွင် ပစ်ခတ်မှုများ၊ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုများ၊ မိုင်းထိမှန်မှုများကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ဩဂုတ်လအတွင်းတွင် တိုက်ပွဲများ၏ အကျိုးဆက် အနေဖြင့် ရခိုင်ပြည်နယ်၌ ကလေး နှစ်ဦးအပါအဝင် အရပ်သား စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ပြီး ကလေး နှစ်ဦးအပါအဝင် စုစုပေါင်း ၁ရ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဩဂုတ်လ ၁၅ ရက်နေ့တွင် မြောက်ပိုင်း မဟာမိတ်တပ်မတော်မှ ထိုးစစ်များ စတင်ခဲ့ပြီးနောက် ကလေး တစ်ဦးအပါအဝင် အရပ်သားစုစုပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ကလေး နှစ်ဦးအပါအဝင် စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး ရောမဥပဒေ၏ အပိုဒ် ၈တွင်လည်း စစ်ရာဇဝတ်မှုများကို ဖော်ပြထားသည်။ ထိုထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သော်လည်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမျှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည်ကို တွေ့ရှိရခြင်းသည်လည်း စိုးရိမ်ဖွယ်ရာ အနေအထား တစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ တရားဝင်ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့ အနေဖြင့် ဂျီနီဗာကွန်ဗန်းရှင်းကို တိကျစွာ လိုက်နာရန် လိုအပ်ပြီး အရပ်သားများကို ကာကွယ်မှုများပေးရမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ကမာ္ဘ့ကုသလမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်(CRC)ကို အတည်ပြု လက်မှတ်ရေးထိုးပြီးသည့်အတွက် ထိုစာချုပ်ပါအခွင့်အရေးပါကို လေးစား၊ လိုက်နာရမည်သာမက အကာအကွယ်ပေးရမည်ဖြစ်သည်။ ထိုစာချုပ်၏ အပိုဒ် ၃၈ နှင့် အပိုဒ် ၃၉ တို့တွင်လည်း လက်နက်ကိုင် ပဋိပက္ခအတွင်း ကျရောက်နေသော ကလေးသူငယ်များကို ကာကွယ်မှုပေးရေး နှင့်ပတ်သက်၍ ပြဋ္ဌာန်းထားရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်း များစွာသော ကလေးသူငယ်များသည် လက်နက်ကိုင်စစ်ပွဲများအတွင်း ထိခိုက် နစ်နာမှုများစွာကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် ပဋိပက္ခအတွင်းကျရောက်လျှက်ရှိသော ကလေးသူငယ်များ ရှင်သန်ရပ်တည်ခွင့်၊ လုံခြုံခွင့်တို့အတွက် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် တွင် ပါဝင် လက်မှတ်ရေးထိုး၊အတည်ပြုရန်လည်း တိုက်တွန်း အပ်ပါသည်။
လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်
လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်သည် မြန်မာနိုင်ငံတွင်း ပို၍ တင်းကျပ်သော အနေအထားတစ်ရပ်သို့ ဦးတည် လျက်ရှိသည်။ ထိုအခြင်းအရာကို ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရခြင်း၊ တက္ကသိုလ်ကျောင်းသား ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေ(ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ရ ရက် ချမှတ်ခံခဲ့ရခြင်၊ ကိုမင်းသွေးသစ်၊ ကိုခန့်မင်းထက်၊ ကိုစိုင်းသုဝဏ်နှင့် မအိသီရိကျော်တို့ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေ သုံးသောင်းကျပ်စီ ပေးဆောင်စေရန် အမိန့် ချမှတ်ခံခဲ့ရခြင်း (ကိုမင်းသွေးသစ်နှင့် ကိုခန့်မင်းထက်တို့သည် ဒဏ်ငွေ ပေးဆောင်ခြင်းမရှိသဖြင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ် ခံခဲ့ရခြင်း)စသည့် ဖြစ်စဉ်များမှ ထင်ရှားစွာ ပြသလျှက်ရှိသည်။ အသွင်ကူးပြောင်းရေးကို ဖော်ဆောင် နေသော လက်ရှိအချိန်ကာလတွင် လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်ကို ကန့်သတ်၊ဖိနှိပ်ထားခြင်းသည် နောက်ကြောင်း ပြန်ဆုတ်စေသော အခြင်းအရာတစ်ရပ် ဖြစ်သည်။ အသွင်ကူးပြောင်းကာလကို ပြီးမြောက်၊ကျော်လွန်နိုင်ခြင်း မရှိသေးသရွေ့ ဒီမိုကရေစီမျှော်မှန်းချက် သည်လည်း အလှမ်းဝေးနေဦးမည်ဖြစ်သည်။ ထို့ပြင် အသွင်ကူးပြောင်းရေးကို နှောင့်နှေးစေသော အခြားအခြင်းအရာ တစ်ရပ်သည် ဖိနှိပ်ထားသည့် ဥပဒေများဖြစ်သည်။ ငြိမ်း၊စု၊စီဥပဒေ၊ ရာဇသတ်ကြီးပုဒ်မများဖြစ်သည့် ပုဒ်မ ၅၀၀၊ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ် ပေးရေး ဥပဒေတို့သည် တက်ကြွလှုပ်ရှားသူများကို ကန့်သတ်ထားသည့် ဥပဒေများဖြစ်လာသည်။ ထိုဥပဒေများကို ပြင်ဆင်၊ဖြည့်စွက်ရန် သို့မဟုတ် ရုပ်သိမ်းရန် ဆောင်ရွက်နိုင်ခြင်းမရှိသရွေ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ နိုင်ငံတစ်နိုင်ငံ၏ အခြေခံကျသော အခွင့်အရေးအုတ်မြစ်တစ်ခုဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို လေးစားလိုက်နာ၍ ကာကွယ် မြှင့်တင်ပေးခြင်းအားဖြင့် လူ့အခွင့်အရေး ကို ဖော်ဆောင်မှု ပြုပေးပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အစိုးရအား တိုက်တွန်းအပ်ပါသည်။
နိုင်ငံသားတို့၏ လွတ်လပ်ခွင့်အပေါ် တားမြစ်ခြင်းများ
မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်အခြေအနေသည် ပို၍ ဆိုးရွားလာချိန်တွင် တက်ကြွလှုပ်ရှားသူ များနှင့် အရပ်သားများသည် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်အပေါ် တားမြစ်ခြင်းများကို ဆက်လက် ရင်ဆိုင် နေကြရလျှက်ရှိသည်။ ရန်ကုန်တိုင်းအစိုးရ၏ ခွင့်ပြုချက်မရဘဲ ဩဂုတ်လ ၁၂ ရက်နေ့၌ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့သည့်အတွက် ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှအပါအဝင် သုံးဦးသည် ငြိမ်း၊စု၊စီဥပဒေ ဥပဒေ ပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ခြင်းကို ခံခဲ့ရသည်။ ထို့ပြင် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံခဲ့သော ရက္ခတော်ဝင် ပရဟိတ စေတနာရှင်များအဖွဲ့ဝင် ၁၆ ဦးသည် ငွေဒဏ် တစ်သောင်းကျပ်စီ ပေးဆောင်စေရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။ လူ့အခွင့်အရေး စံချိန်၊စံညွှန်းဆိုသည်ကို အခြေခံအားဖြင့် နိုင်ငံသား တို့၏ လွတ်လပ်ခွင့်၊ လုံခြုံခွင့်၊ တန်းတူညီမျှခွင့်တို့ဖြင့် တိုင်းတာပြီး ထိုအခွင့်အရေးများ ဆုံးရှုံးနေခြင်းသည် နိုင်ငံ၏ အခြေခံလူ့အခွင့်အရေးများအပေါ် လေးစား၊လိုက်နာမှု အားနည်းနေခြင်းကို ညွှန်းဆိုပြသရာရောက်သည်။ သို့ဖြစ်၍ အစိုးရမှ နိုင်ငံသားများ၏ လွတ်လပ်ခွင့်များကို ကာကွယ်မှု ပေးရမည် ဖြစ်ပြီး အခြေခံလူ့အခွင့်အရေး ဆွေးနွေးပွဲများ၊ သင်တန်းများကို ဌာနဆိုင်ရာ အဖွဲ့အစည်းများကြား ကျယ်ကျယ် ပြန့်ပြန့်ပို့ချပေးပါရန် တိုက်တွန်းအပ်ပါသည်။
အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး
အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးသည် မြန်မာနိုင်ငံတွင်း အမြန်ဆုံးပြုုပြင်ပြောင်းလဲရမည့် အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ ကာလကြာရှည်စွာ အကျဉ်းထောင်တွင်း ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရန် နှောင့်နှေးနေခြင်းသည် အကျဉ်းသားများကို များစွာ ထိခိုက်မှု ဖြစ်ပေါ်စေသည်။ အထူးသဖြင့် အကျဉ်းထောင်တွင်း အမြန်ဆုံး ပြုပြင် ပြောင်းလဲရန် လိုအပ်လျက်ရှိသည့် အခန်းကဏ္ဍသည် အကျဉ်းထောင်တွင်း လူဦးရေပြည့်သိပ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်(MNHRC)၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ၊ အပိုဒ် ၁၀၂ တွင် ၂၀၁၈ ခုနှစ်၌ MNHRC မှ အကျဉ်းထောင် ၂၅ ခုနှင့် အကျဉ်းစခန်း ၂၅ ခုသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆေးခဲ့ပြီးသော အကျဉ်းထောင်များ တွင် အကျဉ်းသားဦးရေမှာ တစ်နှစ်ထက်တစ်နှစ်၊ တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်များပြားလာသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဖော်ပြထားသည်။ အကျဉ်းထောင်တွင်း လူဦးရေပြည့်သိပ်နေခြင်း သည် အကျဉ်းသားများ၏ အခွင့်အရေးများကို ချိုးဖောက်ရာရောက်ပြီး မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားမှု၏ အခြေခံအရင်းအမြစ်လည်းဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အစိုးရအား ကြိမ်ဖန်များစွာ တိုက်တွန်းလျက်ရှိသည့်အတိုင်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး ပြုလုပ်ပါရန် ထပ်မံ၍ တိုက်တွန်းအပ်ပါသည်။ ထိုကဲ့သို့ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရာတွင် အကျဉ်းထောင်များကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရန်မှာလည်း အရေးကြီးပြီး အကျဉ်းထောင် ဥပဒေများဖြစ်သော ၁၈၉၄ အကျဉ်းထောင်ဥပဒေ သို့မဟုတ် ၁၈၉၄ အိန္ဒိယ ဥပဒေ၊ အကျဉ်းထောင်လက်စွဲတို့ကို နိုင်ငံတကာ ဥပဒေများ သို့မဟုတ် စံချိန်၊စံနှုန်းများနှင့် ကိုက်ညီဆီလျော်ခြင်း ရှိ၊မရှိဆိုသည်ကို ပြန်လည် သုံးသပ် ရမည်ဖြစ်သည်။ ထို့ပြင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခြင်း၊ မူဝါဒများချမှတ်ခြင်းတို့ကို ဆောင်ရွက်ခြင်းအားဖြင့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးမှုမရှိဘဲ ဖော်ဆောင်မှု ပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။
လယ်ယာမြေရေးရာကိစ္စရပ်များ
ဩဂုတ်လအတွင်းတွင် လယ်ယာမြေသိမ်းဆည်းခြင်းနှင့်ဆက်နွယ်၍ လယ်သမားများသည် ထိခိုက်၊နစ်နာမှုများစွာကို ရင်ဆိုင်နေကြရသည်။ အောက်တွင် ကောက်နှုတ်ဖော်ပြထားသော ဖြစ်စဉ်တချို့မှလည်း ထင်ရှားစွာ ဖော်ထုတ်ပြသ လျှက်ရှိသည်။
- တပ်သိမ်းမြေပေါ်တွင် ဝင်ရောက် ထွန်ယက်စိုက်ပျိုးခဲ့ခြင်းအတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီမောဆိုးမြို့နယ်တို့မှ တောင်သူ ကိုးဦးတို့သည် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုအက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထိုတောင်သူ ကိုးဦးအနက်မှ ခုနှစ်ဦးသည် ဩဂုတ်လအတွင်း ဖမ်းဆီးခြင်း ခံခဲ့ရပြီး ကျန်တောင်သူ နှစ်ဦးသည် ဇူလိုင်လအတွင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
- မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သိမ်းဆည်းထားသည့် ယာမြေဧက ၅၀ဝ ကျော်အနက် ပိုလျှံ နေသည့် ယာမြေဧက ၂၀ဝ ဝန်းကျင်ခန့်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်သည့် ဖွံ့ဖြိုးသစ်ကုမ္ပဏီတို့မှ ရေတံခွန် တောင်အိမ်ရာ စီမံကိန်းအတွက် ခြံစည်းရိုး ကာရံခဲ့၍ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ထိုပဋိပက္ခအတွင်း ဒေသခံတောင်သူ အမျိုးသမီး တစ်ဦးသည် ဓားဖြင့် ခုတ်ခံခဲ့ရပြီး ဒေသခံတောင်သူတချို့နှင့် ရဲတပ်ဖွဲ့ဝင်တချို့သည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ထိုကဲ့သို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ရေကြည်ကျေးရွာမှ တောင်သူ ဒေါ်လှခိုင်အပါအဝင် တောင်သူ ၁၀ဝ ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၃၃၂၊ ၃၃၃၊ ၃၃၆၊ ၂၉၄၊ ၅၀၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ခြင်းကို ခံခဲ့ရသည်။
- ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(မန္တလေး)နှင့် မူလမြေပိုင်ဆိုင်သည့် တောင်သူမိသားစုများကြား ဖြစ်ပွား ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူ ခြောက်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၃၂၊ ၄၄၀၊ ၁၁၄၊ ၁၈၉ တို့ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံခဲ့ရသည်။
မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR)ကို လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စာချုပ်ပါအခွင့်အရေး များကို လေးစား၊လိုက်နာ၍ ကာကွယ် စောင့်ရှောက်ရမည် ဖြစ်သည်သာမက တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိရမည် ဖြစ်သည်။ တောင်သူများသည် လျော်ကြေးများ၊ နစ်နာကြေးများ၊ မြေယာအစားထိုးပေးလျော်ခြင်းများနှင့် မည်သည့် တိုင်ပင်ဆွေးနွေးမှုမျိုးကိုမျှ ခံစားခွင့်မရှိဘဲ ဖမ်းဆီးခံရခြင်း၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့သည် လယ်ယာမြေ ကဏ္ဍကို ထိခိုက်မှုများစွာ ဖြစ်ပေါ်စေသည်။ ထို့ပြင် အစိုးရ၏ သိမ်းဆည်းလယ်ယာမြေနှင့်ပတ်သက်၍ ဆောင်ရွက် နေမှုကိုလည်း မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည် ထူထောင်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ သို့ဖြစ်၍ အစိုးရမှ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေးရှု၍ ပြဋ္ဌာန်းခဲ့ပြီးသည့် ပြည်တွင်း ဥပဒေများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ လယ်ယာမြေရေးရာကဏ္ဍကို မြှင့်တင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၈၀၂ ၃၈၂၈
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀
အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂၈ ၁၁ရ ၃၄၈
ဩဂုတ်လအတွက်တလအတွက်သုံးသပ်ချက်ဒေါင်းလော့ရယူရန် August Burmese MiR
ဩဂုတ်လအတွက် သတင်းများစုစည်းတင်ပြမှု ဒေါင်းလော့ရယူရန် August Burmese Chronology
ဩဂုတ်လအထိ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 50 Remaining PP final list Updated On August 29, 2019
ဩဂုတ်လအထိ အမှုရင်ဆိုင်နေရသူများစာရင်း 580 facing trial final list updated on August 31, 2019
၆၆(ဃ)နှင့် အမှုရင်ဆိုင်နေရသူများစာရင်း 66 (D) total list(new) Updated
