၂၀၂၅၊ ဒီဇင်ဘာလ တလတာအနှစ်ချုပ်အစီရင်ခံစာ

 

၂၀၂၅၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ

ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၆ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၈) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၁၅) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၂၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“လွတ်လပ်မှု မရှိဆုံးနဲ့ ပြည်သူ စိတ်ဝင်စားမှုအနည်းဆုံးရွေးကောက်ပွဲကို ပြပါဆိုရင် ၂၈ ရက်နေ့ ၁၂ လပိုင်း ၂၀၂၅ ရွေးကောက်ပွဲကို ပြရပါမယ်။ စစ်အုပ်စုကနေ စစ်အုပ်စုကို ပြန်ရွေးတဲ့ ရွေးကောက်ပွဲ ဖြစ်လို့ပါ။ ပြီးတော့ ပြည်သူအများစုက ရွေးချယ်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအများဆုံးကာလကို ပြပါဆိုရင်လည်း ၂၀၂၁ စစ်အုပ်စုက အာဏာသိမ်းတဲ့ အခုကာလကို ပြရမှာဖြစ်ပါတယ်။ မဲပေးခဲ့တဲ့သူထက် ပြည်တွင်းနေရပ်စွန့်ခွါထွက်ပြေးနေရသူ ပိုများတဲ့ကာလမှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်မဝင်စားတာ သဘာဝကျသလို အသံတိတ်သပိတ်နဲ့ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိဆိုတာကိုလည်း ပြည်သူတွေက ပြသခဲ့ပါတယ်။ ဒီကနေ့ မြန်မာပြည်ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့လိုတာက တရုတ်အလိုကျ အတုအယောင်ရွေးကောက်ပွဲမဟုတ်ပါ။ ၂၀၂၀ ရွေးကောက်ပွဲ ကနေ ပြည်သူရွေးချယ်ခဲ့တဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်းချက်မရှိ လွတ်မြောက်ရေးနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် မတရားသဖြင့် အကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် စစ်အုပ်စုက တာဝန်ခံရေးပါ။ ဒါတွေ မရှိဘဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရနိုင်ပါ။” ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩