အေအေပီပီမှဖေဖော်ဝါရီလအတွက် လစဉ်သတင်းလွှာ
အခြေခံလူ့အခွင့်အရေးနှင့်ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆွေးနွေးဟောပြောပွဲများ
ဒိုက်ဦးမြို့နယ်တွင် ပြုလုပ်သော အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆွေးနွေးပွဲကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်
ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တွင် အခြေခံလူ့အခွင့်အရေးနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်း
ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တွင် အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု အသိပညာပေး ဆွေးနွေးပွဲ ၁၄ ပွဲကို ကြီးမှူး ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲများသို့ ဌာနဆိုင်ရာ မြို့နယ် ဦးစီးအရာရှိများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း များ အပါအဝင် စုစုပေါင်း (၁၀၇၄) ဦး တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲများတွင် တိုင်းဒေသကြီးနှင့် သက်ဆိုင်ရာ မြို့နယ် အလိုက် တာဝန်ရှိသူများဖြစ်ကြသော ပဲခူးတိုင်း ဒေသကြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမား ရေးရာကော်မတီ ဥက္ကဌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းစံ၊ ရေတာရှည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ဒိုက်ဦးမြို့နယ် အုပ်ချုပ် ရေးမှူး ဦးကောင်းမြတ်ညီ၊ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင် တို့မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကြသည်။
AAPP မှ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုသန်းထိုက်ဝင်း၊ ကိုလွင်မိုးမြင့်၊ ကိုမျိုးထွဋ်အောင်၊ ကိုကိုအောင်၊ ကိုအောင်ကြီး၊ ကိုကျော်ဦးနှင့် ပဲခူးအရှေ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဘိုတောက် တို့မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့နောက် ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦးတို့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အချက် ၃၀၊ နိုင်ငံသား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ဟော ပြော ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ကိုအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ဦးရဲအောင်နှင့် ကိုဘိုတောက် တို့မှ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲများ တွင် AAPP မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အိတ်ဆောင်စာအုပ်များ၊ ကောင်းမွန်သော အုပ်ချုပ်မှုစံနစ်၏ အရေးကြီးသော အချက်များနှင့် ရပ်ကွက်နှင့် ကျေးရွာ နည်းဥပဒေ အခန်း (၄) ပါအချက်များ၊ ပိုစတာ များ ကို ဝေငှခဲ့ပါသည်။
လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း
သီပေါမြို့နယ်တွင် ပို့ချခဲ့သောလူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့်အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း
ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဆန်မြို့နှင့် သီပေါမြို့တို့တွင် သင်တန်း ပို့ချပေးခြင်း
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ
လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ရှမ်းပြည်နယ် မြောက် ပိုင်း၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန့်ဆန်မြို့၌ ဖေဖော်ဝါရီ လ ၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ (၁၀) ရက်တာ သင်တန်းတစ်ခုကို ပို့ချပေးခဲ့သည်။ ထိုသင်တန်း၌ သင်တန်း နည်းပြ များအဖြစ် လူ့အခွင့်အရေးသင်တန်း နည်းပြ ဦးစောသန်းလှိုင်နှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြ ကိုစိုင်းမြင့်သူတို့မှ သင်တန်းပို့ချပေးခဲ့သည်။ ကျေးရွာ လူငယ်များ၊ ကျောင်းသူများ၊ ကျန်းမာရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ အပါအဝင် သင်တန်းသူ အမျိုးသမီး (၂၅) ဦး၊ သင်တန်းသား အမျိုးသား (၇) ဦး၊ စုစုပေါင်း (၃၂) ဦး သင်တန်း တက်ရောက်ခဲ့သည်။ ထို့ပြင် သင်တန်း တက်ရောက်သူများသည် ပလောင် တိုင်းရင်းသားများ ဖြစ်ကြသည်။ သင်တန်းပို့ချပေးခဲ့သော နန့်ဆန့်မြို့နယ်တွင် လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ခြင်း၊ ကျေးရွာဒေသအတွင်း ပြဿနာဖြစ်ပွားပါက ကျေးရွာအုပ်ချုပ်ရေးမှူး များမှ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူကုန်ကူးမှုများ ဖြစ်ပွားလျှက် ရှိခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်နေရသည်။
ထို့ပြင် AAPP မှ သင်တန်းနည်းပြများဖြစ်ကြသော လူ့အခွင့်အရေး သင်တန်းနည်းပြ မဇွန်ပန်း၊ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြ ကိုတင်မျိုးထွဋ်တို့သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ (၁၁) ရက်တာ သင်တန်းတစ်ခုကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သင်တန်းပို့ချပေးခဲ့ပါသည်။ သင်တန်းသူ အမျိုးသမီး (၁၆) ဦးနှင့် သင်တန်းသား အမျိုးသား (၁၀) ဦး၊ စုစုပေါင်း (၂၆)ဦး သင်တန်း တက်ရောက်ခဲ့ကြသည်။ သင်တန်း တက်ရောက်သူများမှာ ပလောင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တောင်သူ လယ်သမား သမဂ္ဂ၊ လီဆူ ခရစ်ယာန်အသင်းတော်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ဈေးရပ်ပရဟိတအသင်း၊ တအာင်းအမျိုးသမီးအဖွဲ့၊ ရှမ်းမြောက်လူမျိုး ပေါင်းစုံခရစ်ယာန်အသင်းတော်၊ “ ဝ ” နားဖ အမျိုးသမီးအဖွဲ့၊ ရွှေပါရမီ လူမှု/ဘာသာရေးအသင်းစသည့် ပရဟိတ အသင်း နှင့် အရပ်ဘက် အဖွဲ့ အစည်းများမှ အဖွဲ့ဝင်များဖြစ်ကြပြီး ရှမ်း၊ တအာင်း၊ လီဆူ၊ ပအိုဝ်း၊ လားဟူ၊ ကရင်၊ ဗမာနှင့် ဓနုတိုင်းရင်းသား များဖြစ်ကြသည်။ သီပေါ မြို့နယ်တွင် လယ်ယာမြေ သိမ်းဆည်းခြင်း၊ မတရား ဖမ်းဆီးခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်နေရပါသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ဖြစ်သည်။
စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်
မြစ်ကြီးနားမြို့၌ နှစ်သိမ့်ဆွေးနွေးပေးခြင်းသင်တန်း ပို့ချပေးခြင်း
မြစ်ကြီးနားမြို့၌ ပြုလုပ်သော နှစ်သိမ့်ဆွေးနွေးပေးခြင်းသင်တန်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (MHAP) မှ သင်တန်းဆရာ များဖြစ်ကြသော ဦးထင်အောင်နှင့် ဒေါ်ခင်ငြိမ်းချမ်းစိုးတို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ နှစ်သိမ့် ဆွေးနွေးပေးခြင်း သင်တန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ (၁၀) ရက် တာ သင်ကြား ပို့ချပေးခဲ့ သည်။ အဆိုပါသင်တန်းကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ ဒေသတွင်း အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက် လျက်ရှိသော Kachin Baptist Convention (KBC) ၊ Karuna Mission Social Solidarity (KMSS) ၊ Kachin Development Group (KDG) နှင့် မေတ္တာဖောင်ဒေးရှင်း အဖွဲ့အစည်းများမှ အဖွဲ့ဝင် (၂၇) ဦး တက်ရောက်ခဲ့သည်။ ၎င်းအဖွဲ့အစည်းများအနေဖြင့် Johns Hopkins University မှ နည်းပညာအကူအညီများရယူကာ ကချင်ပြည်နယ်တွင်း စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း အထောက်အပံ့ များပေးနိုင်မည့် ကောင်ဆယ်လာများ မွေးထုတ်ရန် ရည်ရွယ်၍ ပြုလုပ် ခဲ့ခြင်း ဖြစ်ပါသည်။
လားရှိုးမြို့၌ တအာင်းအမျိုးသမီးအဖွဲ့ဝင်များအား သင်တန်းပို့ချပေးခြင်း
လားရှိုးမြို့၌ ပြုလုပ်သော “Self-Care, Problem Solving Skills, Basic Counseling Skills and Psychological First Aid သင်တန်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (MHAP) မှ ဌာနတာဝန်ခံ (Program Chief) ဦးကျော်စိုးဝင်းနှင့် စူပါဗိုက်ဆာ ဒေါ်သန်းသန်းဌေး တို့သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရှမ်းပြည်နယ် လားရှိုးမြို့၌ တအာင်းအမျိုးသမီးအဖွဲ့(Ta’ ang Women Organization) မှ သင်တန်းသူ ၂၆ ယောက်အား “Self-Care, Problem Solving Skills, Basic Counseling Skills and Psychological First Aid Training”ကို ပို့ချပေးခဲ့ပါသည်။
AAPP သည် ပဋိပက္ခဖြစ်ပွားနေသော ဒေသများရှိ အခက်အခဲကြုံတွေ့ နေရသူ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ကူညီနေရသူများ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအတွက်လည်းကောင်း၊ ပဋိပက္ခ ဖြစ်ပွား ရာ ဒေသများရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ စိတ်ဓာတ်ပြန် လည်မြှင့်တင်ရေးအတွက်လည်းကောင်း အသုံးပြုနိုင်ရန် ရည်ရွယ်၍ သင်တန်းပို့ချခြင်းဖြစ်သည်။
နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။
ဖေဖော်ဝါရီလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ လေးဦးသည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး လေးဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက် အောင်မြင်ခဲ့ ၍ အမျိုးသမီး ကိုးဦးအား ဆက်လက်၍ နှစ်သိမ့်ဆွေးနွေးပေး လျှက်ရှိသည်။ ထို့ပြင် MHAP မှ အမျိုးသမီး စူပါဗိုက်ဆာတစ်ဦးနှင့် အမျိုးသမီး ကောင်ဆယ်လာငါးဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ အမျိုးသမီး ခြောက်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပါသည်။ ထို့ကြောင့် ယခုလက်ရှိတွင် အမျိုးသမီး ၁ဝ ဦးကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။
ထို့ပြင် MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်စယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ အပတ်စဉ် တနင်္လာနေ့တိုင်း သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့် ဆွေးနွေးပေးခြင်း ပြုလုပ်လျှက်ရှိပါသည်။ ဖေဖော်ဝါရီ လအတွင်းတွင် လူငယ် ၁၁ ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး နောက်ထပ် လူငယ် ၁၂ ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။
ဖေဖော်ဝါရီလအတွင်းတွင် ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့မှ ကောင်ဆယ်လာသုံးဦးသည် ရွှေ့ပြောင်း မြန်မာအလုပ်သမား
အမျိုးသမီး ငါးဦးနှင့် အမျိုးသား လေးဦးတို့အား နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပါသည်။ ထို့ကြောင့် ယခုလက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁ဝ ဦးနှင့် အမျိုးသား ရှစ်ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၈၀၂ ၃၈၂၈
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀
အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈
အေအေပီပီလစဉ်သတင်းလွှာအား ဒေါင်းလော့ရယူရန် FEB Newsletter (Burmese Template)



