အအေပေီပီ၏ ဧပြီလအတွက်လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဧပြီလတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၂၂ ဦး ရှိခဲ့သည်။ ထို ၂၂ ဦးအနက်မှ ခုနှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) (သို့) ၅၀၅(ခ) (သို့) ၅၀၅(က)(ခ)၊ အရပ်သား ကိုးဦးသည် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ ငါးဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၈၊ ၁၉ နှင့် အရပ်သား တစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဧပြီလတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၄ရ ဦးရှိခဲ့သည်။ ထို ၄ရ ဦးအနက် ၄ဝ ဦးသည် အရပ်သားများဖြစ်ကြပြီး ခြောက်ဦးသည် တက်ကြွလှုပ်ရှားသူများဖြစ်၍ တစ်ဦးသည် ရုပ်ရှင်ဒါရိုက်တာတို့ ဖြစ်ကြသည်။

ဧပြီလတွင်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ​ ငါးဦးရှိခဲ့ပြီး ထိုငါးဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁) (သို့) ၁၇(၁)(၂) တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

ဧပြီလတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ခြောက်ဦး လွတ်မြောက်ခဲ့သည်။ ထိုခြောက်ဦးအနက်မှ ငါးဦးသည် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူများဖြစ်သည်။

ဧပြီလတွင်း နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုကျော်စိုးဦး၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ရှေ့နေ ဦးဇော်ဝင်းနှင့် ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးတို့သည် ကျန်းမာရေး ကောင်းမွန်မှုမရှိကြောင်း သိရှိရသည်။

သမ္မ၏ လွတ်ငြိမ်းသက်သာခွင့်

မြန်မာနှစ်သစ်ကူးအခါသမယဖြစ်သော ဧပြီလ ၁ရ ရက်နေ့တွင်  နိုင်ငံတော်သမ္မတမှ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်/ အကျဉ်းစခန်း အသီးသီး၌ အကျဉ်းကျနေသော နိုင်ငံသား အကျဉ်းသား ၉၅၃၅ ဦးနှင့် ဧပြီလ ၂၆ ရက်နေ့တွင် အကျဉ်းသား ၆၉၄၈ ဦးတို့အား လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသား ငါးဦးသာ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်လာခဲ့သူ နိုင်ငံရေးအကျဉ်းသား ငါးဦးမှာ မုံးကိုးဒေသ ကာကွယ်ရေး တပ်မတော်(MRDA) မှ အတွင်းရေးမှူး ဦးမရမ်ဂမ်နှင့် ဒုတိယဥက္ကဌ ဦးဇော်လ၊ ကချင်တက်ကြွလှုပ်ရှားသူ ဦးဇော်ဂျက်၊ ဦးလွမ်းဇောင်းနှင့် အရပ်သား ကိုဇေခေါင် တို့ဖြစ်ကြသည်။ လွတ်မြောက်လာခဲ့သူ ငါးဦးအနက် ဦးဇော်ဂျက်၊ ဦးလွမ်းဇောင်းနှင့် အရပ်သား ကိုဇေခေါင်တို့သည် ထောင်မှ လွတ်မြောက်ရန် လပိုင်းမျှသာ လိုတော့သူများဖြစ်သည်။ မြန်မာနှစ်သစ်ကူးအခါသမယတိုင်းတွင် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းသက်သာခွင့်ပေးလေ့ရှိပြီး ထိုကဲ့သို့ လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိသော်လည်း အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံရေး အကျဉ်းသားဟူ၍ သုံးသပ် စဉ်းစားလေ့ရှိသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပြုစုထားသော စာရင်းအရ ၂၀၁၈ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၃၆ ဦးကို လွှတ်ပေးခဲ့သည်။ သို့သော်လည်း ယခုနှစ် လွတ်ငြိမ်းသက်သာခွင့် နှစ်ကြိမ်လုံး၌ နိုင်ငံရေး အကျဉ်းသား ငါးဦးသာ ပါဝင်ခြင်းသည် စိတ်ပျက်ဖွယ်ရာဖြစ်ပြီး အစိုးရ၏ နိုင်ငံရေး အကျဉ်းသားရေးရာ ကိစ္စရပ်များအပေါ် အာရုံစိုက်မှု လျော့နည်းလာလျှက်ရှိသည်ကို ထပ်ဟပ်ပြသနေသည်။ ယခုနှစ် လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်အမင်း လျော့နည်းလာခြင်းအပေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် အဖွဲ့အစည်းအသီးသီးမှ သုံးသပ်၊ဝေဖန်မှုများ ထွက်ပေါ် လာပြီး နောက် ဧပြီလ ၂၂ ရက်နေ့တွင် အကျဉ်းဦးစီးဌာနမှ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်တွင် ကိုင်တွယ် အသုံးပြုလျက်ရှိသော ရာဇသတ်ကြီး ဥပဒေ၊ အထူးနှင့် အထွေထွေ ဥပဒေ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် နိုင်ငံရေး အကျဉ်းသားဟူ၍ အဓိပ္ပါယ်ဖွင့်ဆို ပြဋ္ဌာန်းထားခြင်းမရှိဘဲ နိုင်ငံတော် အစိုးရနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဆန့်ကျင် ဖောက်ဖျက်၍ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူများသာရှိသည်ဟု ဖော်ပြထားသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ရာဇသတ်ကြီး ပုဒ်မ ၁၂၈၊ ၁၂၉ နှင့် ၁၃ဝ တို့တွင် နိုင်ငံရေးအကျဉ်းသားဟူသော စကားလုံးကို တိကျစွာ ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အကျဉ်းသားများကို လွှတ်ပေးခြင်းသည် နိုင်ငံတော် သို့မဟုတ် နိုင်ငံတော်သမ္မတနှင့် တိုက်ရိုက်သက်ဆိုင်သော ကိစ္စဖြစ်သည်။ ထို့ပြင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက် မှုများရှိခဲ့ပြီး လက်ရှိအစိုးရမှလည်း ၎င်းတို့ အာဏာရရှိလာပါက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကတိပေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ တွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသားများ၊ အကျဉ်းကျခဲ့သော နိုင်ငံရေး အကျဉ်းသား ဟောင်းများအတွက် နစ်နာမှုများကို ပြန်လည်ကုစား ပေးသည့် ထိရောက်သော အစီအစဉ်များမရှိသည်သာမက နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ် ဖွင့်ဆို၊သတ်မှတ်ရန် မှာလည်း အလှမ်းဝေးနေဆဲဖြစ်သည်။ ထို့ကြောင့် အစိုးရမှ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့ကို ရှေးရှုသောအားဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော လက်ကျန် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သတ်မှတ်ပေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကို ဖွဲ့စည်းခြင်းတို့အား ဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

ဧပြီလတွင်း လွတ်ငြိမ်းသက်သာခွင့်ပေးရာ၌ အကျဉ်းသားအချင်းချင်း တန်းတူအခွင့်အရေးရရှိခြင်း မရှိဟုဆိုကာ အကျဉ်းဦးစီး ဌာနအောက် မုပ္ပလင်(ကျင်္ား)ကုန်ထုတ်စခန်းမှ အကျဉ်းသား ၄၀ဝ ဦးခန့်မှ  လုပ်ငန်းခွင်ဝင်ခြင်း မပြုဘဲ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်သာမက ရွှေဘိုအကျဉ်းထောင်တွင်လည်း အကျဉ်းသား တစ်ထောင်ကျော်မှ ဆန္ဒထုတ်ဖော်ခဲ့ သည်။ ထို့ပြင် စစ်တွေအကျဉ်းထောင်တွင်လည်း အကျဉ်းသားများမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ကြောင့် လွတ်ငြိမ်း သက်သာခွင့် ပေးရာတွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခြင်းမရှိစေရန်၊ အဂတိလိုက်စားမှုများ မရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေ ရန် အဖွဲ့အစည်းပေါင်းစုံမှ အဖွဲ့ဝင်အဖြစ်ပါဝင်သော အကျဉ်းသားရေးရာ စိစစ်ရေးကော်မတီကို ဖွဲ့စည်းသင့်သည်ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ အကြံပြုအပ်ပါသည်။

အကျဉ်းထောင်/အချုပ်ထောင်များတွင်း အခြေအနေများ

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်တချို့နှင့် အချုပ်ထောင်တချို့တွင် ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပေါ်နေသည်မှာ ကာလ ကြာရှည်ခဲ့ပြီဖြစ်သည်။ ခေတ်အဆက်ဆက်က ကျူးလွန်လေ့ရှိသည့် ထိုချိုးဖောက်မှုများကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းလည်း မရှိသေးသောကြောင့် အကျဉ်းသားများအတွက် တရားမျှတမှု ရရှိရန်မှာ လွန်စွာ ခဲယဉ်းလှ သည်။

  1. ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ မြောင်းမြအကျဉ်းထောင်တွင် အကျဉ်းသား တစ်ဦးကို ထောင်ဝန်ထမ်းများမှ ရိုက်နှက်နေချိန် တားမြစ်ခဲ့သည့်အတွက် အကျဉ်းသားတစ်ဦးဖြစ်သူ ဦးဘီလာသည် ရာဇသတ်ကြီး ပုဒ်မ ၂၉၄၊ ၃၅၃ တို့ဖြင့် အမှုဖွင့်ခြင်းခံထားရသည်။ ထို့ပြင် တိုက်ထဲတွင် ခြေချင်း ၁၄ ရက်ခတ်ခြင်းခံခဲ့ရပြီး ယနေ့အချိန်ထိ တိုက်ပိတ်ထားခြင်းကို ခံထားရသည်။ သို့အတွက် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးသန္တာမော်မှ မြန်မာနိုင်င်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)ထံသို့ ဧပြီလ ၂ ရက် နေ့တွင် တိုင်ကြားခဲ့ပြီး MNHRC မှ မကြာခင် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်မှ ပြောကြားခဲ့ သည်။
  2. ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ငှက်ပျော်ချောင်း တိုက်နယ် အမှတ်(၂) ရဲစခန်းမှ ဖမ်းဆီးသွားခဲ့ ပြီးနောက် ဖူးယောင်ညိုမဲဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ဝါးခယ်မမြို့နယ်၊ ဆူးတွင်းကျေးရွာအုပ်စုတွင် နေထိုင်သူ ဦးကျော်အေး၏ အမှုနှင့်ပတ်သက်၍ ဧပြီလအတွင်းတွင် MNHRC မှ သွားရောက် စစ်ဆေး ခဲ့သည်။ စစ်ဆေးခဲ့ပြီးနောက် သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိ ရဲဝန်ထမ်းများကို အရေးယူရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း MNHRC မှ သတင်းထုတ်ပြန်ခဲ့သည်။

ညှဉ်းပန်းနှိပ်စက်မှုများသည် လူသားခြင်းစာနာမှုကို ဆန့်ကျင်ပြီး လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသော လုပ်ရပ်ဖြစ်သည်။ အကျဉ်းထောင်များတွင်း ညှဉ်းပန်းနှိပ်စက်မှုများကို အဆုံးသတ်ရန်အတွက် အမြန်ဆုံးကိုင်တွယ်ဆောင်ရွက်ရန်မှာ လွန်စွာ အရေးကြီးသည်။ MNHRC မှ အထက်ပါ အမှုများကို လိုက်ပါဆောင်ရွက်နေခြင်းကို ကြိုဆိုပါသည်။ ပြည်ထဲရေး ဝန်ကြီးဌာနမှ ခေတ္တ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးမှ တရားခံအချုပ်သားများကို စစ်ဆေးရာ၌ ညှဉ်းပန်း နှိပ်စက်မှု များ မပြုလုပ်ဘဲ ဥပဒေနှင့်အညီ စစ်ဆေးမေးမြန်း ဆောင်ရွက်နိုင်ရေးကို အလေးထားလိုက်နာရန် ရဲတပ်ဖွဲ့ဝင်များသို့ ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။ နောင်တွင် ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပွားမှုမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ပြီး လူ့အခွင့်အရေးဆိုင်ရာသင်တန်းများကိုလည်း အကျဉ်းသားအရေးဆောင်ရွက်နေသော အာဏာပိုင်အဖွဲ့အစည်းများကို ပို့ချပေးရန်လည်း လိုအပ်ပါသည်။ ထို့ပြင် ထိုအဖွဲ့အစည်းများသည် အကျဉ်းသားများကို ပြုမှု ဆက်ဆံမှုဆိုင်ရာ အခြေခံ ဥပဒေသနှင့် အကျဉ်းသားများကို ပြုမှုဆက်ဆံမှုဆိုင်ရာ အနိမ့်ဆုံး စည်းမျဉ်းများကို သိရှိနားလည်၍ လေးစားလိုက်နာရမည်ဖြစ်သည့်ပြင် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR)ညှဉ်းပန်း နှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူ စာချုပ်(UNCAT)၊  နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) တို့ကို သိရှိနားလည်၍ လေးစားလိုက်နာကြရန် တိုက်တွန်း အပ်ပါသည်။  

ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခြင်းခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေ အကျဉ်းထောင်မှ အင်းစိန် အကျဉ်းထောင်သို့ မိသားစုအား အသိပေးခြင်းမရှိဘဲ ဧပြီလ ၆ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ သည်။  နိုင်ငံရေးအကျဉ်းသားများကို ၎င်းနေထိုင်ရာဒေသရှိ အကျဉ်းထောင်မှ ဝေးလံသော နေရာဒေသရှိ အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းသည် စစ်အာဏာရှင်များ အသုံးပြုလေ့ရှိသည့် သွယ်ဝိုက်သောနည်းအားဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းမျိုးဖြစ်သည်။ ယခုကာလထိတိုင်အောင် ထိုကဲ့သို့ဆက်လက်ရှိနေခြင်းကို အဆုံးသတ်ပေးရန် အတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) မှ တိုက်တွန်းအပ်ပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်

ဧပြီလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် ပို၍ ဆိုးရွားစွာ ကျဆင်းလာလျက်ရှိသည်။ စစ်အစိုးရ အဆက်ဆက်မှ ၎င်းတို့နှင့် ကွဲလွဲ၊ဆန့်ကျင်သူများကို စွဲဆိုလေ့ရှိသည့် ဖိနှိပ်ထားသော ဥပဒေများသည် ပို၍ အားကောင်းလာ ပြီး ထိုဥပဒေများကို ပယ်ဖျက် သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ရမည့်အစား ပို၍ တွင်ကျယ်စွာ အသုံးပြုလာခြင်းသည် အမျိုးသား ရင်ကြားစေ့ရေးအတွက် လွန်မင်းစွာ စိုးရိမ်ရမည့် အနေအထားတစ်ရပ်ဖြစ်သည်။ အသရေဖျက်မှုသည် ရာဇဝတ်မှု မမြောက်သော်လည်း စစ်အာဏာရှင်နိုင်ငံများတွင် ရာဇဝတ်မှုမြောက်စေရန်အတွက် အသုံးပြုလေ့ရှိသည်။   ဧပြီလတွင်း တက်ကြွလှုပ်ရှားသူများ၊ အရပ်သားများနှင့် ကျောင်းသားများသည် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ကို ကျင့်သုံးခြင်းအတွက် ဖိနှိပ်ထားမှုများကို ရင်ဆိုင်နေရသည့်ပြင် ဖမ်းဆီး၊ တရားစွဲဆိုခံရခြင်းများသည် ဒီမိုကရေစီနှင့် အခြေခံ အခွင့်အရေးများကို ယုတ်လျော့စေသော အကြောင်းအခြင်းအရာ များဖြစ်သည်။

  1. ဒါရိုက်တာ ဦးမင်းထင်ထင်ကိုကိုကြီးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းမှ အင်းစိန်မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားကာ တရားစွဲဆိုခြင်း၊ ဦးမင်းထင်ကိုကိုကြီးသည် အသည်းကင်ဆာရောဂါ ခံစားနေရသည့်အတွက် အာမခံလျှောက်ထား ခဲ့သော် လည်း တရားရုံးမှ ပယ်ချခဲ့ခြင်း၊ (မတ်လ ၂၉ ရက်နေ့တွင် အင်းစိန်မြို့နယ်ရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရပြီးဖြစ်သည်)
  2. နိုင်ငံရေးနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၊(ခ) ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး တိုးလင်းမှ တိုက်ကြီးမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ခြင်း
  3. ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ၊ ကိုဖိုးသား(ခ) ဇော်လင်းထွဋ်နှင့် မကေခိုင်ထွန်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူး သန်းထွန်းမြင့်မှ မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ခြင်း၊ ထို့ပြင် ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင် ၂၅ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သက်နိုင်ဝင်းမှ ပုသိမ်မြို့မရဲစခန်း၌ အမှုဖွင့် ခဲ့ခြင်း
  4. မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော် ဦးသောဘိတ (အလကာင်္ကြယ်)ကို တပ်မတော် အရာရှိတစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ဖေဖော်ဝါရီလတွင် တရားစွဲဆိုခဲ့ပြီး ယခု ဧပြီလဆန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် အရေးယူပေးရန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဦးစီးအရာရှိ ပထမတန်း၊ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်မှ အမရပူရ တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း
  5. တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှနှင့် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူများဖြစ်သော ကိုမောင်ဦး၊ မသန္တာ၊ ဦးငယ်နှင့် မနော်သိန်းတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ)ဥပဒေ ပုဒ်မ ၁၉၊ ၂ဝ ဖြင့် မြဝတီရဲတပ်ဖွဲ့မှ အမှုဖွင့်ခဲ့ခြင်း

အခြေခံကျသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် တပ်မတော်မှ တရားစွဲဆိုမှုများသည် ဧပြီလတွင်း မြင့်တက်လာလျှက်ရှိသည်။  ဧပြီလတွင်း တပ်မတော်မှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၊(ခ) တို့ဖြင့် တရားစွဲဆိုခဲ့သူ စုစုပေါင်း ခုနှစ်ဦးထိရှိခဲ့ပြီး ၎င်းတို့သည် အာမခံရရှိခြင်းမရှိဘဲ အချုပ်တွင်းမှ တရားရင်ဆိုင် နေကြရ သည်။ ထို့ပြင် ဆရာတော် ဦးသောဘိတသည် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခြင်းခံရပါက အချုပ်တွင်းမှ တရား ရင်ဆိုင်ရမည်ဖြစ် သည်။ ၎င်းပြင် တပ်မတော် မှ ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင် ၂၅ ဦးကိုလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အာဏာလက်ဝယ်ရှိသူများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ၎င်းတို့ကို ဝေဖန်ထောက်ပြခြင်း၊ ထင်မြင်ယူဆချက်များကို ထုတ်ဖော် ပြောဆိုခြင်း တို့ကို ကန့်သတ်ထိန်းချုပ်ရန် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ခ)၊  ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ ငြိမ်း၊စု၊စီဥပဒေ တို့ကို တွင်ကျယ်စွာ အသုံးပြုလာခြင်းသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကဏ္ဍကို ထိခိုက်စေသည်။  သို့ဖြစ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ အစိုးရအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကာကွယ်မှုပေးပါရန်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြဋ္ဌာန်း ထားသော နိုင်ငံတကာ သဘောတူ စာချုပ်များကိုလည်း လေးစားလိုက်နာပါရန် တိုက်တွန်းပါသည်။ ထို့ပြင် နိုင်ငံသား များကို ဖိနှိပ်ထားသော ဥပဒေများကို အမြန်ဆုံး ပြင်ဆင်၊ ဖြည့်စွက်၍ နိုင်ငံသားများ၏ အခွင့်အရေးများကို ဖော်ဆောင်မှုပေးပါရန်လည်း တိုက်တွန်းပါသည်။

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် နိုင်ငံသားများ ဖိနှိပ်မှုများကို ရင်ဆိုင်နေကြရချိန်တွင် သတင်း လွတ်လပ်ခွင့်သည်လည်း ကျဆင်းလျှက်ရှိသည်။ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ၂၀၁၈ ခုနှစ်ကထက် အဆင့် တစ်ဆင့် ကျဆင်းသွားသည်ဟု ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)၏  ဧပြီလ ၁၈ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ ဧပြီလတွင်း ရိုက်တာသတင်းဌာနမှ သတင်းထောက် နှစ်ဦး၏ အမှုအယူခံကို ပြည်ထောင်စု တရားလွှတ်တော်မှ ပယ်ချခဲ့ခြင်း၊ တပ်မတော်မှ ဧရာဝတီသတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ ကိုရဲနည်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ကျောက်တံတားမြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း စသည့် ဖြစ်စဉ်များမှလည်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ဆက်လက် ကျဆင်းဆဲဖြစ်သည်ကို သိသာထင်ရှားစွာ တွေ့မြင်နိုင်သည်။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ သတင်းမီဒီယာဥပဒေများ သည် ပြစ်ဒဏ်နည်းပါးခြင်းကြောင့် ရဲစခန်း၌ တိုက်ရိုက် အမှုဖွင့် တရားစွဲဆိုနေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သတင်းမီဒီယာများအတွက် သတင်း မီဒီယာဥပဒေပြဋ္ဌာန်းထားရှိသော်လည်း တခြားဥပဒေများကို အသုံးပြု၍ ပြစ်ဒဏ် ပို၍ ကြီးလေးစေခြင်းသည် သတင်း မီဒီယာများကို ထိခိုက်လွယ်သော ကိစ္စရပ်များကို သတင်းမှန် ရေးသား၊ဖော်ပြ ခြင်းမှ ရပ်တန့်၊ ထိန်းချုပ်ရန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အစိုးရအား သတင်းမီဒီယာများကို စွဲဆိုထားသော စွဲချက်များကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကျခံနေကြရသော သတင်းသမားများကို လွှတ်ပေးခြင်းအားဖြင့်   မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဟု ခေါ်တွင်သော သတင်းမီဒီယာကဏ္ဍကို ကာကွယ်မှုပေးပါရန် တိုက်တွန်း အပ်ပါသည်။

ထို့ပြင် သတင်းမီဒီယာများသည် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခြိမ်းခြောက် ဟန့်တားမှုများကိုလည်း ရင်ဆိုင် နေကြရသည်။ ရက္ခိုင့်တပ်မတော်(AA)ကို အကြမ်းဖက်သောင်းကျန်းသူဟု သုံးနှုန်းခြင်းနှင့်ပတ်သက်၍ ဧပြီလ ၂ ရက် နေ့ နံနက်ပိုင်းမှ စတင်ပြီး ပြည်တွင်းမှ သတင်းဌာနတချို့သည်  ဗုံးခွဲခြင်းခံရမည်ဟု ခြိမ်းခြောက်စာများ ပေးပို့ခြင်း ခံခဲ့ရသည်။ ထိခိုက်လွယ်သော အခြေအနေများကို ရင်ဆိုင်နေကြရသော သတင်းမီဒီယာသမားများသည် ခြိမ်းခြောက်မှုများအောက်တွင် ကျရောက်နေဆဲဖြစ်သည့်အတွက် အစိုးရမှ ထိုအခြင်းအရာကို ကြပ်မတ်စွာ ကိုင်တွယ် ဆောင်ရွက်သင့်ကြောင်း အကြံပြု အပ်ပါသည်။

တိုင်းရင်းသားရေးရာ ကိစ္စရပ်များ

ဧပြီလတွင်း မတရားအသင်းနှင့်ဆက်နွယ်သည်ဟူသော စွပ်စွဲချက်ဖြင့် တိုင်းရင်းသားများ၊ အရပ်သားများသည် ဆက်လက်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရသည်။ ထို့ပြင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ကြား ဖြစ်ပွားလျှက်ရှိသည့် ပဋိပက္ခများ၏ အကျိုးဆက်အနေဖြင့် တိုင်းရင်းသားများသည် ထိခိုက် သေဆုံး နေကြရဆဲဖြစ် သည်။ ၎င်းပြင် နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့များ၏ သံသယဖြင့် စွပ်စွဲထားမှုကြားတွင် ဆိုးရွားသော အခြေအနေများကို ရင်ဆိုင် ကြုံတွေ့နေကြရသည်။ ညှဉ်းပန်းနှိပ်စက်၍ စစ်ဆေးမှု၊ သေဆုံးမှုများသည် ဆယ်စုနှစ်များစွာကြာ ဆက်လက် ဖြစ်ပွားနေပြီး ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရှာဖွေနိုင်ခြင်းမရှိသေးခြင်း သည်လည်း  ဆက်လက် ကျူးလွန်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေသည်။ ဧပြီလတွင်း ဖြစ်ပွားခဲ့သော အောက်ပါ ဖြစ်စဉ်များမှလည်း ထင်ရှားစွာ ပြသလျှက်ရှိသည်။

  1. တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရခြင်း

ဧပြီလအတွင်း ရက္ခိတပြက္ခဒိန် ထုတ်ဝေ ရောင်းချသူ ရခိုင်အမျိုးသား ကိုသိန်းအောင်မြတ် အပါအဝင် အမျိုးသား လေးဦး သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး  မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် စွဲချက်တင်ခံခဲ့ရခြင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာမှ ရွာသား ငါးဦးသည် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ မြောက်ပိုင်း ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးနှင့် အဖွဲ့ဝင် ကိုမောင်ဦးတို့သည်  မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံခဲ့ရခြင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းလက်ဝ ကျေးရွာမှ ဒေသခံ သုံးဦးသည် မတရားအသင်း ဆက်သွယ်မုှု ပုဒ်မ ၁၇(၁)(၂)ဖြင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ် ခံခဲ့ရခြင်း၊ ရက္ခိုင့်တပ်မတော် (AA)နှင့် ဆက်သွယ်ခဲ့သည့် သံဃာ နှစ်ပါးနှင့် AA အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးခဲ့ခြင်းနှင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊  မောရဝတီကျေးရွာမှ မောင်ကျော်သိန်းသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း

  1.   ဖမ်းဆီးခေါ်ဆောင်သွားခြင်း

ဧပြီလတွင်း တပ်မတော်မှ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ရွာသား ၂ရ ဦးကို ကြိုးတုတ် ၍  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုရွာသား ၂ရ ဦးအနက်မှ သုံးဦးသည် စစ်ဆေးနေစဉ်ကာလအတွင်း သေဆုံးသွား ခဲ့ခြင်း (တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ရွာသား သုံးဦး သေဆုံးကြောင်းကို အတည်ပြုခဲ့ပြီး ၎င်းတို့ သုံးဦးအနက် တစ်ဦးသည် နှလုံးရောဂါဖြင့် သေဆုံးခဲ့ပြီး တစ်ဦးသည် ကြိုးဆွဲချ၍ သေဆုံးခဲ့ခြင်းဖြစ်ကာ နောက်တစ်ဦးသည် ဆေးစွဲ၍ စိတ်ဓာတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်)လက္ကာကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား လေးဦးနှင့် အောက်လေညှင်းတောင် ရွာမှ ရွာသား သုံးဦးတို့ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့တွင် လက္ကာရွာသား လေးဦးကိုသာ ပြန်လည် လွှတ်ပေးခဲ့ခြင်း

ထို့ပြင် ရက္ခိုင့်တပ်မတော်(AA) မှလည်း ဆုထူးစံကုမ္ပဏီဝန်ထမ်း ရှစ်ဦးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်း ကျေးရွာမှ ခူမီးတိုင်းရင်းသား ၅၂ ဦးကို ဖမ်းဆီးထားဆဲဖြစ်ခြင်း

  1. သေဆုံး၊ ဒဏ်ရာရရှိမှုများ

ဧပြီလတွင်း ရခိုင်ပြည်နယ်၊ ကျော်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နှင့်  တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တို့တွင် တိုင်းရင်းသားများ ကျည်ထိမှန်ခြင်း၊ မြေမြှပ်မိုင်းနင်းမိခြင်းတို့ကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ခြင်း

စစ်မှန်သော ငြိမ်းချမ်းရေးမရရှိသရွေ့ တိုင်းရင်းသားများ၊ အရပ်သားများသည် ထိခိုက်နစ်နာမှုများကို ကြုံတွေ့နေကြရဦး မည်ဖြစ်သည်။ စစ်မှန်သော ငြိမ်းချမ်းရေးရရှိမှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အစိုးရမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ် ရေးထိုးရခြင်းမရှိသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လက်မှတ် ရေးထိုးရန် ပို၍ အားစိုက် လုပ်ဆောင်သင့်သည်။ ဧပြီလ ၃ဝ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ ကိုယ်စားလှယ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော်(AA)တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကို ကြိုဆိုပါသည်။ အခြားတစ်ဖက်တွင်လည်း အစိုးရမှ နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို အလေးထား သောအားဖြင့် ညှဉ်းပန်း နှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်(UNCAT)နှင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) တို့ကို လက်မှတ် ရေးထိုး အတည်ပြုပါရန် ထပ်မံ တိုက်တွန်း အပ်ပါသည်။

လယ်ယာမြေရေးရာ ကိစ္စရပ်များ

သိမ်းဆည်းခြင်းခံထားရသော လယ်ယာမြေများ ပြန်လည် ရရှိရေးနှင့် ထိုလယ်ယာမြေများတွင် ပြန်လည် စိုက်ပျိုးခွင့် ရရှိရေး တို့အတွက် ဒေသခံလယ်သမားများသည် ဆက်လက် တောင်းဆိုလျှက်ရှိသည်။ သို့သော်လည်း ၎င်းတို့၏ လယ်ယာမြေ အခွင့်အရေးများ ဆုံးရှုံးနေကြရဆဲဖြစ်သည်။ ထို့ကြောင့် အစိုးရမှ သိမ်းဆည်း လယ်ယာမြေအရေးကို ယခုထက်ပို၍ ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းလက်မှတ်ရေးထိုး အတည်ပြုပြီးဖြစ်သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်(ICESCR)ကို လေးစား လိုက်နာ၍ ကျင့်သုံးရမည် ဖြစ်သည်။ ဧပြီလအတွင်း ဖြစ်သွားခဲ့သော သိမ်းဆည်းလယ်ယာမြေအရေးတွင် တပ်သိမ်းမြေလယ်ယာမြေ အရေးကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ တပ်သိမ်းမြေများ ပြန်လာရရှိရေး အတွက်  လားရှိုးမှ တောင်သူ နှစ်ရာခန့်နှင့်  မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာမှ တောင်သူ ၅ဝ ခန့်တို့မှ အသီးသီး ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ တပ်မတော်မှ ငှားရမ်းထားသည့် မြေဧက ၈ဝ ကျော်ကို ပြန်လည် စွန့်လွှတ်ပေးရန် မန္တလေးမြို့၊ ပုသိမ်ကြီးမြိ့နယ်၊ စည်သာယာရွာမှ တောင်သူ ၁၀ဝ ခန့်မှ ဆန္ဒ ထုတ်ဖော် ခဲ့သည်။ အမှတ် ၃၆ဝ အမြောက်တပ်မှ တာဝန်ရှိသူ အရပ်ဝတ် ခုနှစ်ဦးမှ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဘိုးဘွားပိုင် တောင်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးနေသော တောင်သူများ ကို ထွန်ယက်စိုက်ပျိုးခြင်းမပြုလုပ်ရန် လာရောက် တားမြစ်သော်လည်း စိုက်ပျိုးချိန်နီးသဖြင့် တောင်သူများမှ စုပေါင်း ထွန်ယက်ခြင်းပြုလုပ်ခဲ့ကြသည်။ လားရှိုးမြို့တွင် သံချပ်ကာတပ်ရင်း ၇၀၀၅ မှ တောင်သူများအား ၎င်းတို့ သိမ်းဆည်း ထားသည့် လယ်ယာမြေများကို ဖြတ်သန်း၍ အတွင်းပိုင်းကျသော ခြံမြေများသို့ သွားရောက်လုပ်ကိုင်စားသောက်ခွင့် မပြုသဖြင့် တောင်သူများ အခက်အခဲများကို ရင်ဆိုင်နေကြရသည်။

ထို့ပြင် သက်ဆိုင်ရာ အစိုးရဌာနများမှ သိမ်းဆည်းသွားခဲ့သော လယ်ယာမြေများအတွက်လည်း လယ်သမားများသည် သည် ဆက်လက်တောင်းဆိုလျှက်ရှိသည်။ စီမံကိန်းစားကျက်မြေဟုဆိုကာ သိမ်းဆည်းသွားခဲ့သော လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းအုပ်စု၊ မောင်းထောင်ကွင်း၌ တောင်သူများမှ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းကျေးရွာအနီးရှိ သိမ်းဆည်းခြင်း ခံခဲ့ရသည့် လယ်မြေပေါ်တွင် တဲထိုးနေထိုင်လျှက်ရှိသော ဒေသခံများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ သိမ်းဆည်းခြင်းခံထားရသည့် လယ်ယာမြေများကို မူလပိုင်ရှင်များထံ လွှတ်တော် ဆုံးဖြတ်ချက်ဖြင့် အမြန်ဆုံး ပြန်လည် ပေးအပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဆောင်ရွက်နေ သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ သည်။ ထို့ကြောင့် လယ်သမားများကို ထိခိုက် နစ်နာမှုများ လျော့နည်းစေရန် သိမ်းဆည်း လယ်ယာမြေအရေးကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ပါရန် တိုက်တွန်း အပ်ပါသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀)၉၄၂၈ ဝ၂၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀)၈၁၉၆၂၈ ၇၁၃

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂၈ ၁၁ရ ၃၄၈

လစဉ်အစီရင်ခံစာအပြည့်အစုံဒေါင်းလော့ရယူရန် Burmese MiR Template for April

တလအတွင်းသတင်းစုစည်းမှုဒေါင်းလော့ရယူရန် Burmese Chronology Template for April

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 48 Remaining PP list Updated On April 19, 2019 Burmese

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် 283 facing trial list updated on April 30, 2019

၆၆ (ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated