စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၂၇ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၂၇ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၀၃) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၅၈၅) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၅၉၈) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၂၅) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းရှိ အကျဉ်းသားများ၏အခြေအနေများသည် အဘက်ဘက်မှ ဆက်လက်ဆိုးရွားလျက်ရှိနေဆဲပင်ဖြစ်သည်။ အကျဉ်းသားများသည် လုံလောက်သောဆေးဝါးကုသခွင့် မရရှိ၍ သေဆုံးမှုများရှိခြင်း၊ အာဟာရပြည့်ဝသော အစားအစာများမရရှိခြင်းနှင့် ကျပ်သိပ်စွာနေထိုင်ရခြင်းကြောင့် ကျန်းမာရေးချို့တဲ့လျက်ရှိခြင်း၊ အကျဉ်းသားအခွင့်အရေးများ တောင်းဆိုခြင်းနှင့် အထိမ်းအမှတ် နေ့ရက်များပြုလုပ်ပါက ရိုက်နှက်ခြင်း၊ တိုက်ပိတ်ထားခြင်း၊ ထောင်ပြောင်းရွှေ့ခြင်း အစရှိသည့် ဖိနှိပ်မှုမျိုးစုံကို ရင်ဆိုင်နေကြရလျက်ရှိသည်။

မန္တလေးတိုင်း၊ မန္တလေး(အိုးဘို)အကျဉ်းထောင်၌ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တဦးဖြစ်သည့် ကိုလှိုင်ဘွား၊ ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ဈ) ဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခံထားရသော ကိုထွန်းမြင့် (ခ) ပေါက်စတို့ သေဆုံးခဲ့ခြင်းကလည်း အလွန်ဆိုးရွားသော ထောင်တွင်းအခြေအနေများကို ဆက်လက်မီးမောင်းထိုးပြနေဆဲဖြစ်သည်။

၎င်းပြင် ဇူလိုင်လ ၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်၌ ၇၉ နှစ်မြောက် အာဇာနည်နေ့အား အကျဉ်းသားများမှ ငြိမ်သက်စွာ ပြုလုပ်နေစဉ် ထောင်အာဏာပိုင်များက အကျဉ်းသားများကို ခြိမ်းခြောက် ခြင်းနှင့် ဦးဆောင် ကျင်းပသူများအား အဓမ္မခေါ်ထုတ်သွားခဲ့ခြင်းစသည့်ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့်လည်း အကျဉ်းသားများ၏အခွင့်အရေးများ မည်မျှကန့်သတ် ထိန်းချုပ်ခြင်းခံနေရသည်ကို ထုတ်ဖော် ပြသနေဆဲ ဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩