စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၃၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၄၆၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၀၁၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၂) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၇၂၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။
ယနေ့ရရှိသောအချက်အလက်များအရ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ထိန်ကန်ကြီးကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမျိုးလင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ဇန်နဝါရီလ ၅ ရက်နေ့တွင် ဦးမျိုးလင်း နေမကောင်းသောကြောင့် ဆေးရုံသို့လာရန် အကြောင်းကြားသောကြောင့် မိသားစုဝင်များမှ လိုက်သွားရာ ဦးမျိုးလင်းမှာ သေဆုံးပြီးဖြစ်သည်ကို တွေ့ရှိရသည်။ မျိုးလင်း၏ရုပ်အလောင်း၌ ခြေ၊ လက်များနှင့် ဒူးခေါင်း၌ ညိုမည်းနေပြီး ဦးခေါင်း၌ အပေါက်ဖြစ်နေသည်ကို တွေ့ရှိရသည်။ အကြမ်းဖက်စစ်အုပ်စုမှ ဦးမျိုးလင်း၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဇန်နဝါရီလ ၇ ရက်နေ့တွင် ၎င်းတို့အစီအစဉ်ဖြင့် သဂြိုဟ်ခဲ့သည်။
ထို့ပြင် ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းမှ ဝင်ရောက်စီးနင်းပြီး အသက် ၅၈ နှစ်အရွယ် ဦးထွန်းလှကို မီးရှို့သတ်ဖြတ်ခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
ကျဆုံး – bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm
လွတ်မြောက် – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – – https://youtu.be/OoyTSNG7zv4
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း