စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇွန် ၂၉ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန် ၂၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၃၄) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၂၆၃) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၃၈၃) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၃) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိရာ ပြည်သူများ ထိခိုက်၊ သေဆုံးမှုနှုန်းများသည် လွန်စွာ မြင့်တက်လျက်ရှိသည်။ ထိုကဲ့သို့လေကြောင်းတိုက်ခိုက်မှုများတွင် ဒရုန်းများ၊ တိုက်လေယာဉ်များကို အသုံးပြု၍ ဒေသခံပြည်သူများနေထိုင်လျက်ရှိသည့် ကျေးရွာများကို ဦးတည်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့တွင် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သဘွတ်ကုန်းကျေးရွာ၌ ဒေသခံ လင်မယားနှစ်ဦး၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာ၌ ကလေး နှစ်ဦး၊ ဇွန်လ ၂၅ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကျေးရွာ၌ ကလေး နှစ်ဦးအပါအဝင် ပြည်သူ ငါးဦး၊ ဇွန်လ ၂၇ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ နတ်ကောင်းကျင်းကျေးရွာ၌ ကလေး တဦးအပါအဝင် ပြည်သူ သုံးဦး၊ ဇွန်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာတွင် ကလေးများအပါအဝင် ပြည်သူရှစ်ဦး တို့သည် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ ထို့ပြင် လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူအများအပြားသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို မြေပြင်သတင်းအချက် အလက်များအရ သိရှိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩