စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေ ၆ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေ ၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၂၅) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၉၃၆) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၁၈၄) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၄) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၁၂) ဦး စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေး (၃) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် ပဲခူးတိုင်းမှာ (၅) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းမှာ (၄) ဦး သေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား (၄၄) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မေလ ၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အင်အား ၂၀၀ ဝန်းကျင်ခန့်ပါရှိသော အကြမ်းဖက်စစ်အုပ်စု၏ ပူးပေါင်းတပ်များက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ထနောင်းကုန်းကျေးရွာသို့ စစ်ကြောင်းရောက်ရှိစဉ် ကျေးရွာသား ကိုမောင်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သလို၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ကျေးရွာအတွင်း ထွက်မပြေးနိုင်ဘဲ ကျန်နေခဲ့သည့် အမည်စုံစမ်းဆဲ အဖွားအိုတဦးမှာ မီးလောင်၍သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

