စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဧပြီ ၂ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီ ၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၆၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၇၅၅) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၃၆၆) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၃) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် အသက်သေဆုံးခဲ့သူ အမျိုးသမီး (၁၈) ဦးနှင့် အမျိုးသား (၁၈) ဦး စုစုပေါင်း (၃၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် နှစ်နှစ်အရွယ်ယောက်ျားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေး (၁၆) ဦး ပါဝင်သည်။ ထိုအရေအတွက်ထဲတွင် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းမီးရှို့ခံရသူ အမျိုးသား (၃) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူ (၃၆) ဦးအနက် ပဲခူးတိုင်းမှာ (၃၁) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်။
မတ်လ ၅ ရက်နေ့က စစ်အုပ်စု၏ ခြေလျင်တပ်ရင်း အမှတ်(၂၆၄)၊ ခြေမြန်တပ်ရင်း အမှတ်(၄၃၉)နှင့် ပူးပေါင်းအဖွဲ့များသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဒေသခံအများအပြားကို အကြောင်းမဲ့ဖမ်းဆီးခဲ့သည်။ ၎င်းနောက် မတ်လ ၇ ရက်နေ့၌ အဆိုပါစစ်ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ၊ အဆိုပါတိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ဓားစာခံအဖြစ်၎င်းတို့ဖမ်းဆီးထားသော ဒေသခံ (၃၁) ဦး ထက်မနည်း သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

