စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ် ၁၆ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၁၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၈၉၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၆၄၀) ဦးရှိပြီး ထိုအထဲမှ (၂၂၄၃၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၂၈၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများမှာ အကျဉ်းသားများ၏အခွင့်အရေး အပြည့်အဝ မရရှိကြဘဲ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခံနေကြရကာ၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ ဦးဝင်းမြင့်စိုးသည် စစ်အုပ်စုအား ဆန့်ကျင်သော လှုပ်ရှားမှု၌ ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေစဉ် အသည်းခြောက်ခြင်းနှင့် ရေဖျဉ်းစွဲခြင်း ဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရသည်။ ၎င်းသည် ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံနေစဉ် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်၌ သေဆုံးခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်ခြင်းမရှိဘဲ စစ်အုပ်စု၏ အစီအစဉ်ဖြင့် မတ်လ ၁၅ ရက်နေ့တွင် ကလေးမြို့၊ ကံပုလဲသုသာန်၌ပင် မီးသင်္ဂြိုဟ်ခဲ့သည်။
ထို့ပြင် လူအခွင့်အရေးချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိသော စစ်အုပ်စုက အရပ်သားပြည်သူများအား နေ့စဉ်ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိရာ မတ်လ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်၊ ဇီးကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး၊ ကိုရင်ငယ်များအပါအဝင် စုစုပေါင်း ဆယ်ဦး ဗုံးစထိမှန်သေဆုံးခဲ့သလို၊ မတ်လ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ အင်းဗလာကျေးရွာကို လေကြောင်းမှ Paramotor ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူခြောက်ဦး သေဆုံးခဲ့ကြောင်း မြေပြင်အချက်အလက်များအရ သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

