စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်

“အကြမ်းဖက်စစ်အုပ်စုရဲ့ဝါဒဖြန့်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ မြဝတီသတင်းဌာနကနေ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၇၀၁၂ ဦးကို လွှတ်ပေးမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်အာဏာလု စစ်အုပ်စုအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ရာ တရားဝင်ဘာအခွင့်အာဏာမှမရှိနေပေမယ့် သူတို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အာရုံလွှဲဖို့ရာအတွက် အမည်ခံလွတ်ငြိမ်းချမ်းသာခွင့်တွေကို အာဏာသိမ်းပြီးနောက်မှာ ပြုလုပ်နေပါတယ်။ AAPP က ဒီနေ့လွတ်မြောက်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စောင့်ကြည့်မှတ်တမ်း ပြုစုလျက်ရှိရာမှာ လက်ရှိအချိန်ထိ ရထားတဲ့အချက်အလက်တွေအရ အကျဉ်းထောင် (၁၉) ခုထက်မနည်းကနေ  နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော် လွတ်မြောက်လာတယ်လို့ သိထားရပါတယ်။ အဲ့ဒီထဲကမှ အမည်စာရင်းနဲ့တကွ မှတ်တမ်းကောက်ယူထားနိုင်သူဦးရေ (၄၃) ဦးရှိနေပြီး အချက်အလက်တွေကို ဆက်လက်ကောက်ယူနေဆဲပါ။ စစ်အုပ်စုက အကျဉ်းထောင်တွေကနေ အကျဉ်းသားတွေကိုလွှတ်ပေးနေတယ်လို့ ပြောပေမယ့်လည်း ဒီနေ့မှာ နိုင်ငံရေးအရ အဖမ်းခံရတဲ့သူ (၂၂) ဦးရှိနေပြီး အဲ့ဒီထဲက အများစုဟာ တိုက်ပွဲအရှိန် ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းကပါ” ဟု  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူးဖြစ်သူ ဦးတိတ်နိုင်မှ ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၀၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၃၅၆) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၉၂၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၂) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၅၁၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက်အလက် များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။

ယနေ့ရရှိသော အချက်အလက်များအရ ဇန်နဝါရီလ ၁ ရက်နေ့တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ရွာ၏ အနောက်တောင်ဘက်ရှိ တောင်ကုန်းပေါ်တွင် ထင်းခွေနေသော အသက် ၁၂ နှစ်အရွယ် ဧမူမူအောင်သည် ကျည်ထိမှန်ပြီး သေဆုံးခဲ့သည်။

ထို့ပြင် မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သော ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်သည့် သံဃသမဂ္ဂ (မန္တလေး) မှ အရှင်အာစာရ (ခ) သပိတ်ခင်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဇန်နဝါရီလ ၃ ရက်နေ့၌  ဖမ်းဆီးခဲ့သည်။ အရှင်အာစာရသည် မန္တလေးတောင်ခြေအနီးရှိ ကျောက်တော်ကြီးဘုရားတွင် ဓာတ်ပုံကမ်ပိန်းပြုလုပ်နေစဥ်  ဖမ်းဆီး ခြင်း ခံခဲ့ရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း