စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၇၆၁) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၄၂၆) ဦးရှိပြီး ထိုအထဲမှ (၂၂၈၀၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၅၃၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းတပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ကျေးရွာများအတွင်းကို ဝင်ရောက်၍ မီးရှို့ခြင်းကဲ့သို့‌သော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် ကျူးလွန်လျက်ရှိသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အောင်းပေါက်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၁၅ ဦးခန့်ကို ဖမ်းဆီးခဲ့သလို၊ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ပွင့်ဖြူမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့သည်။

၎င်းအပြင် စစ်အုပ်စုက အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်ရှိ မိအယ်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် ကျောင်းသူနှစ်ဦးအပါအဝင် အမျိုးသမီး ငါးဦး သေဆုံးခဲ့ကာ လူနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး၊ ထိုနေ့တွင်ပင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာရှိ မင်္ဂလာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သောကြောင့် ကိုရင်တပါးအပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရ သိရှိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် :  https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် :  https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –     https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org 

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)