စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၇၂၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၃၂၈) ဦးရှိပြီး ထိုအထဲမှ (၂၂၇၅၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၈၈) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းသားအခွင့်အရေး အပြည့်အဝ မရရှိသည့်အပြင် အမျိုးမျိုးသော ဖိနှိပ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက် ရှိသည်။ မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများမှာ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရပြည့်ဝသည့် အစားအသောက်များ လုံးဝမရရှိကြသလို မိသားစုဝင်များမှ ပေးပို့သည့် ထောင်ဝင်စာပစ္စည်းများလည်း ကန့်သတ်ခံနေရသလို ထောင်အာဏာပိုင်တချို့သည် နိုင်ငံရေးအကျဉ်းသားများအား ခွဲခြားဆက်ဆံမှုများပြုလုပ်နေသကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုများလည်း ကျူးလွန်နေသည်။ ထို့အပြင် အကျဉ်းဆောင်သန့်ရှင်းရေးများ ပြုလုပ်ခိုင်းပြီး အလုပ်ကို ငြင်းပယ်ပါက လစဉ်ငွေကြေးကောက်ခံခြင်းနှင့် ထောင်တွင်းအသုံးပြုသည့်ရေအတွက် ဒီဇယ်ဝယ်ယူရန် ငွေကြေးထည့်ဝင်ခိုင်းခြင်းများကိုလည်း ဖိအားပေးလုပ်ဆောင်နေကြောင်း သိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်၌ ထောင်ဝန်ထမ်းများသည် အကျဉ်းသားများထံမှ လာဘ်စားခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်၌လည်း အဆောင်မှူးတချို့သည် အဆောင်စည်းကမ်းအကြောင်းပြကာ အဂတိလိုက်စားမှုများ ရှိနေပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများ ရှိနေကြောင်း သိရသည်။ ထို့ပြင် အသစ်ရောက်လာသည့် အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုး ပြကာ ငွေကြေးတောင်းခံမှုများ ရှိနေပြီး မပေးနိုင်သူများအား ရိုက်နှက်ခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်းနှင့် အခန်းပြောင်းရွှေ့ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

