စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၆၉၅) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၂၉၉) ဦးရှိပြီး ထိုအထဲမှ (၂၂၇၄၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၈၂) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများသည် အခြေခံလိုအပ်ချက်ဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးများမရရှိဘဲ အကျဉ်းသားအခွင့်အရေးများ ဆုံးရှုံးလျက်ရှိနေရာ၊  စစ်ကိုင်းတိုင်း၊ တမူးအချုပ်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများမှာ အာဟာရပြည့်ဝသည့် အစားအသောက်များ လုံလောက်စွာ မရရှိခြင်းများအပြင်၊ ဆေးဝါးလုံလောက်စွာ မရရှိခြင်းများ ကြုံတွေ့နေကြရသလို၊ ထောင်ဝင်စာလူတွေ့ခွင့်ရရန် မိသားစုဝင်များထံမှ ငွေကြေးတောင်းခံမှုလည်း ရှိနေကြောင်း သိရသည်။

ထို့ပြင် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို နေ့စဉ်နီးပါး ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ဇန်နဝါရီ ၁၅ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀ ကျော်၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်များ ပျက်စီးဆုံးရှုံးခဲ့သလို၊ ၎င်းမြို့နယ်ရှိ နှောပင်ကျေးရွာကို ဇန်နဝါရီ ၁၅ ရက်နေ့ညနေမှစပြီး နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပြီး အသက်ကြီးအမျိုးသမီးတဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။ အလားတူပင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရှမ်းမြောင်းကျေးရွာနားရှိ ဘုန်းကြီးကျောင်းကို အဆိုပါနေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့သည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –      https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org 

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)