စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၆၇၇) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၂၅၉) ဦးရှိပြီး ထိုအထဲမှ (၂၂၇၀၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၅၃) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်၌ ချိုးရေလုံလောက်စွာ မရရှိခြင်းကြောင့် အကျဉ်းသားများမှာ အရေပြားနှင့်သက်ဆိုင်သည့် ကူးစက်ရောဂါများ ဖြစ်ပွားလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုများပြားလျက်ရှိရာ နိုင်ငံရေးအကျဉ်းသားတဦး၏ ဇနီးသည်က “ကျွန်မယောင်္ကျားဆို တကိုယ်လုံး ဖြစ်နေတာဆိုတော့ တကိုယ်လုံး လိမ်းနေရတယ်။ သောက်ဆေးလည်း အပြင်ကနေ အမြဲဝယ်ဝယ်ထည့်ပေးနေရတယ်။ အရင်ကဆို အဲဒီလောက် မကြာဘူး။ အခုကပြန်ပြန်ဖြစ် မပျောက်နိုင်တော့ဘူး” ဟု ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့ကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိရာ ဝက်လက်မြို့နယ်ရှိ မင်းရွာတောင်ကျေးရွာနှင့် အင်ဒေါင်းကျေးရွာရှိ အမျိုးသမီး ၅ ဦးကို ဇန်နဝါရီ ပထမပတ်အတွင်းက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး၊ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေသည့် ဇန်နဝါရီ ၁၁ ရက်နေ့  စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် အရာတော်မြို့နယ်တို့၌ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် အရပ်သားများနေထိုင်ရာနေရာများသို့ ရမ်းသန်း ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သလို၊ ထိုနေ့တွင်ပင် ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့သည်ဟု မြေပြင်သတင်းအချက်အလက်များအရ သိရသည်။ အလားတူ စစ်အုပ်စုနှင့် သူ၏လက်ပါးစေများက မန္တလေး၊ ရန်ကုန်၊ မွန်ပြည်နယ်၌ လူငယ်များကို အတင်း အကျပ်ပေါ်တာဆွဲဖမ်းဆီးကာ ငွေတောင်းခံခြင်းများ ပြုလုပ်နေသလို အတုအယောင်ရွေးကောက်ပွဲကို မဲမထည့်ပါက စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခြင်းများလည်း ပြုလုပ်နေသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –      https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org 

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)