စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

ရက်စွဲ – နိုဝင်ဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   နိုဝင်ဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၉၉) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၀၃၉) ဦးရှိပြီး ထိုအထဲမှ (၂၂၇၀၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၂၄)ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံထားရသူ (၈၆) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၅၄) ဦးပါဝင်သည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင်၊ ရဲစခန်းအသီးသီးရှိ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က တခုတည်းဖြင့် အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ (၇၂၄) ဦးကို ထောင်မှလွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ရာ အဆိုပါစာရင်း၌ နိုင်ငံရေးအကျဉ်းသားပြန်လည်လွတ်မြောက်မှုကို အေအေပီပီက စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိပြီး ယနေ့ညနေ ၄ နာရီအထိ ကောက်ယူရရှိထားသော သတင်းအချက်အလက်များအရ အကျဉ်းထောင် (၁၆) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၅၄၉) ဦးဝန်းကျင်ကို အရေအတွက်အားဖြင့်လည်းကောင်း၊ အဆိုပါ အရေအတွက်ထဲမှ (၂၄) ဦးကို အမည်နှင့်တကွလည်းကောင်း  ပြန်လည်လွတ်မြောက်လာသည်ကို အတည်ပြုနိုင်ခဲ့သည်။

အာဏာသိမ်းစမှ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သူ စုစုပေါင်း (၂၂၃၃) ဦးရှိခဲ့သည်။ ထိုအရေအတွက်ထဲတွင် တရားဝင်ထိန်းသိမ်းရေး စခန်းများဖြစ်သည့် အကျဉ်းထောင်၊ ရဲစခန်းနှင့် စစ်ကြောရေးစခန်းများတွင် သေဆုံးခဲ့သူ (၃၈၁) ဦး ပါဝင်သည်။ အဆိုပါကိန်းဂဏန်းများမှာ လက်လှမ်းမှီသလောက်ကောက်ယူထားပြီး အတည်ပြုနိုင်သည့် အရေအတွက်သာဖြစ်ရာ မြေပြင်တွင် ပိုမိုများပြားမည်ဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)