စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၉၈) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၀၃၁) ဦးရှိပြီး ထိုအထဲမှ (၂၂၇၀၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၂၅)ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံထားရသူ (၈၆) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၅၄) ဦးပါဝင်သည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁၉) ဦးနှင့် အမျိုးသား (၁၄) ဦး စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁) ဦး ပါဝင်သည်။  အဆိုပါ သေဆုံးသူ (၃၃) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၀) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်သည်။ အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၃၂) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့၊ ည ၁၁ နာရီခန့်အချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်ဗျူဟာကုန်းနှင့် မရှီကထောင်ရပ်ကွက်ရှိ ရခိုင်ကုန်းတို့၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၂ နှစ်အရွယ် ကလေးငယ် မချိုသံလွင်ကို ကျည်စထိမှန်၍ သေဆုံးခဲ့ပြီး ကလေးငယ်၏မိခင်မှာ လည်ပင်းကို ကျည်စထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)